Tuesday 6 January 2015

နိုင်ငံရေးအကျဉ်းသားများ ရှိနေသမျှ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး မရနိုင်ကြောင်း AAPP နှင့် FPPS ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိနေသရွေ့ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေခြင်းနှင့် ပတ်သက်ပြီး AAPP နှင့် FPPS အဖွဲ့များက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းကို ကိုးကားပြီး ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချ ခြင်းများအပြင် အသက်သေသည်အထိ အရေးယူနေမှုများသည် ယနေ့ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် တည်ဆောက်ရေး လုပ်ငန်းများအပေါ်တွင် ကြီးစွာသော အတားအဆီးများပင် ဖြစ်နေကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ပါရှိသည်။

“အခြေခံ လူ့အခွင့်အရေးနဲ့ မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုသူများကို တရားစွဲခံ နေရမှုများ၊ ဖမ်းဆီးထောင်ချ ခံနေရမှုများမှာလည်း တစ်နေ့တခြား ပိုများလာတာကို တွေ့မြင်နေရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လက်ကျန်နိုင်ငံရေး အကျဉ်း သား များ စိစစ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး စိစစ်တင်ပြလာသော နိုင်ငံရေးအကျဉ်းသား ၄၀၄ ဦးနှင့် အချုပ်သား ၁၂ ဦးကို နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

ထို့အပြင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား မကျန် ရှိတော့ဘဲ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသူများမှာ နိုင်ငံရေးအမှု လျှော့ပေါ့ပြီး ရာဇဝတ်မှုများအရ ဆက်လက် အကျဉ်းကျနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်သိမ်းက ပြောကြား ထားသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား (၁၆၄) ဦး ကျန်ရှိနေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ (၂၀၃) ဦး တရားရင်ဆိုင်နေရကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်း ၂၂ ဖွဲ့က ဇန်နဝါရီ လ ၄ ရက်နေ့တွင် ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly 

No comments:

Post a Comment