Wednesday 21 January 2015

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန် သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ယမန်နေ့က ကျင်းပ ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး  မစတင်မီတွင် သမ္မတပို့ လိုက်သော ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး နှင့်ပတ်သက်ပြီး သ၀ဏ်လွှာ အပေါ် မီဒီယာများ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်မတို့ ကတော့ တုံ့ပြန်တဲ့ အခါမှာ တရားဝင် တုံ့ပြန်မှာပဲ။ ဒီကိစ္စမျိုး ဆိုတာ တရားဝင် လုပ်တဲ့ ကိစ္စပါ။ ဒီလိုမျိုး အလွတ် သဘောမျိုး ပြောလို့ မကောင်းပါဘူး ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြား ခဲ့သည်။ ထို့ပြင် မီဒီယာများမှ သမ္မတ သ၀ဏ်လွှာတွင် ရှင်းရှင်း လင်းလင်း ပြောဆိုချက်များ မပါရှိသည်နှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က မိမိဘက်မှ ရှင်းရှင်းလင်းလင်း ပြောဆို ဖို့သည် မိမိ တာဝန်သာ ဖြစ်ကြောင်း  တခြားသူ  ရှင်းရှင်းလင်းလင်း မပြောဆိုခြင်းမှာ မိမိတို့နှင့် မဆိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ နိုင်ငံတော် သမ္မတမှ ဇန်န၀ါရီလ (၁၉) ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး သဘောထား မှတ်ချက် သ၀ဏ်လွှာကို ပေးပို့ ခဲ့သည်။

အဆိုပါ သ၀ဏ်လွှာတွင် နိုင်ငံတော် သမ္မတမှ ဦးဆောင်၍ ခြောက်ဦး တွေ့ဆုံ ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်မှ တိုက်တွန်းသော ကိစ္စသည် ကောင်းမွန်သည့် လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း၊ သို့ရာတွင် တိုင်းရင်းသား ပြည်သူ အားလုံး၊ လူထု လူတန်းစား အဖွဲ့အစည်း များနှင့် နိုင်ငံရေး အင်အားစု များက လက်ခံသော ကိုယ်စားပြုမှု ဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလား တောင့်တချက်များ ပါရှိ စေမည့် မူဘောင်များ ကြိုတင် ချမှတ် ထားသည့် တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်စေရေးနှင့် ပွင့်လင်း မြင်သာမှု ရှိစေရေးတို့ အတွက် စီမံ ဆောင်ရွက်နိုင် ပါက ပိုမို၍ ပြည့်စုံ ကောင်းမွန်မည်ဟု အကြံပြု လိုကြောင်း၊ ထို့ကြောင့် အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို မည်သို့ ဆောင်ရွက်ပေးစေ လိုသည်ကို ပြန်ကြားပေးရန် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြ ထားသည်။

နိုင်ငံတော် သမ္မတ အနေဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် (၁၄) ဦး တွေ့ဆုံသည့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်း သား ရေးရာ ၀န်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များ ပါဝင်သည့် တွေ့ဆုံ ဆွေးနွေး ပွဲကို ပြုလုပ်ခဲ့သည်။

Messenger News Journal 

No comments:

Post a Comment