Wednesday 21 January 2015

ဥရောပနှင့် အမေရိကသို့ လေယာဉ် ပြေးဆွဲမည်

ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ ဥရောပနှင့်  အမေရိကန်သို့ လေယာဉ် တိုက်ရိုက် ပျံသန်း ပြေးဆွဲရန် စီစဉ် နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပျံသန်း ပြေးဆွဲမည့်  နိုင်ငံများမှာ ပြင်သစ်၊ နယ်သာလန်နှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ပြီး လေယာဉ် ပျံသန်း ပြေးဆွဲရာ တွင် တစ်နေ့လျှင် တစ်ကြိမ် ပြေးဆွဲ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဲဒီနိုင်ငံတွေနဲ့ နှစ်နိုင်ငံ လေကြောင်း သဘောတူ စာချုပ်ချုပ်ဆို ပြီးသွားပြီး ဘယ်လို လေယာဉ်တွေနဲ့ ပြေးဆွဲမယ် ဆိုတာတော့ ပြောလို့ မရသေးဘူး ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ လက်ရှိ မြန်မာ နိုင်ငံမှ  ဥရောပနိုင်ငံ များသို့ သွားရောက်ရန် တခြားနိုင်ငံ များမှ တစ်ဆင့် သွားရောက် ရသည့် အတွက် ကုန်ကျ စရိတ် များပြားခြင်းနှင့် အချိန် ကြာမြင့်ခြင်းများ ဖြစ်ပေါ် နေကြောင်း သိရသည်။

သို့ဖြစ်၍ ဥရောပ နိုင်ငံများသို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲပါက ကုန်ကျစရိတ် သက်သာ လာမည့် အပြင် အချိန်တို အတွင်း သွားရောက် နိုင်မည် ဖြစ်၍ ခရီးသည်များ အတွက် ပိုမို အဆင်ပြေ စေမည် ဖြစ်ကြောင်း သိရသည်။ ဥရောပကို လေယာဉ် ပြေးဆွဲဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး။ ကုန်ကျစရိတ် များတယ်။ လေယာဉ် အရွယ်အစား ကလည်း ကြည့်ရတယ်။ အဓိက ကတော့ ခရီးသည်တွေ အပေါ်မှာ မူတည်တယ် ဟု MAI လေကြောင်းလိုင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။ မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံသို့ လေကြောင်းလိုင်းများ ပျံသန်း ပြေးဆွဲရန် သဘောတူညီ လက်မှတ် ရေးထိုး ထားသည့် နိုင်ငံပေါင်း (၄၆)  နိုင်ငံရှိပြီး၊ အစောဆုံး လေကြောင်း သဘောတူ စာချုပ်ကို ၁၉၄၉ ခုနှစ်တွင် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment