Wednesday 21 January 2015

ကချင်ပြည်နယ်ရှိ စစ်ပွဲများအကြား တရုတ်နိုင်ငံသားများ ပိတ်မိ၊ မမိ တရုတ်အစိုးရ စုံစမ်းစစ်ဆေးမှု စတင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တာဝန်ခံများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများ ပါဝင်သော ပူးတွဲအဖွဲ့က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများအကြား တရုတ်နိုင်ငံသားများ ပိတ်မိနေ ကြောင်း သိရှိရသည့်အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ဆင်းကာ စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei က ပြောကြားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်၍ ဖမ်းဆီး ထိန်းသိမ်းခံရသော တရုတ်နိုင်ငံသား များနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ဘေဂျင်းမြို့တွင် ဇန်နဝါရီလ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ထိန်းသိမ်းခံ တရုတ်နိုင်ငံသားများကို တရားမျှတစွာ ဆောင်ရွက်ပေး ရေး အတွက် တာဝန်ယူပေးရန် Mr.Hong Lei က ပြောကြားခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဘက်ကလည်း ကချင်ပြည်နယ်ရှိ တရုတ်နိုင်ငံသားများ အတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးရန် သွားရောက် စုံစမ်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ တရုတ်သံရုံး ကောင်စစ်ဝန်အဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ သံရုံး ပြန်ကြားရေး တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း စုံစမ်းစစ်ဆေးဆဲဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံ မြောက်ပိုင်းက လတ်တလော အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ် သွား မှာပါ” ဟု Mr.Hong Lei က ပြောဆိုခဲ့သည်။ ယခုနှစ်ဆန်းပိုင်းအတွင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အနီးတွင် တပ်မတော်မှ နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်စဉ် ယင်းဒေသအတွင်း တရား မဝင် သစ်ခုတ်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ဝိုင်းမော်မြို့နယ် တရားရုံး တွင် တရားစွဲဆိုထားသည်။

The Voice Weekly 

No comments:

Post a Comment