Monday 7 July 2014

၂၀၁၄ ခုနှစ် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် မြန်မာခုနစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက် မှ ၂၉ ရက်နေ့ထိ ကျင်းပမည့် ၁၀ ကြိမ်မြောက် ၂၀၁၄ ခုနှစ် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပြိုင်ပွဲပေါင်း ၂၅ ပွဲအနက် ပြိုင်ပွဲခုနစ်ခု ကို မြန် မာက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ သွားရောက် ယှဉ်ပြိုင်မည့် သူများကို ဦးဆောင် ကူညီပေးနေသည့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ဖြစ်မြောက်ရေး ဦးစီးကော်မတီဝင် ဦးကျော်ကျော်ဆင့် က ပြောကြားသည်။
၁၀ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ဂဟေဆက် ကျွမ်းကျင်မှု၊ ဘီဒိုလုပ် ကျွမ်းကျင်မှု၊ လျှပ်စစ် ကျွမ်းကျင်မှု၊ ဝါယာကြိုး သွယ်တန်းမှု ကျွမ်းကျင်မှု၊ ပိုက်ဆက်ကျွမ်းကျင်မှု၊ စားသောက်ဆိုင် ဝန်ဆောင်မှု ကျွမ်းကျင်မှုနှင့် အစားအစာ ချက်ပြုတ်ကျွမ်းကျင်မှုတို့ကို ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲများတွင် မြန်မာနိုင်ငံသည် ခြောက်ကြိမ်နှင့် ခုနစ်ကြိမ်မြောက်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှစ်ကြိမ်နှင့် ကိုးကြိမ်မြောက်တွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခဲ့ကြောင်း အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီထံက သိရှိရသည်။

“မြန်မာနိုင်ငံက ဒီနှစ်မှ ဝင်မပြိုင်ရင် နှစ်အတော်ကြာ ကျွမ်းကျင်မှုပြိုင်ပွဲနဲ့ ကင်းကွာနေတဲ့အတွက် ASEAN နဲ့ အဆက်အသွယ်ပြတ်ပြီး ဒီနိုင်ငံမှာရော ကျွမ်းကျင်တဲ့သူ မရှိဘူးလားလို့ ASEAN က ထင်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပြိုင်ပွဲများအတွက် အာဆီယံအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်ဖူးသူများမှ အပ အသက် ၂၂ နှစ်အော က် ရှိသူ မည်သူမဆို ဝင်ရောက် လျှောက်ထားနိုင်ကြောင်း အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် သူများကို အလုပ်သမား ဝန်ကြီးဌာန လက်အောက် ရှိ မြန်မာနိုင်ငံ လုပ်သားများ “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့က ပြိုင်ပွဲဝင်များအတွက် စီစဉ်ပေးမည့် သင် တန်း များ အပါအဝင် အခြားကုန်ကျစရိတ်များကို အကုန်အကျ ခံမည်ဖြစ်ပြီး ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရာ တွင် ကုန်ကျမည့် လေယာဉ်လက်မှတ် အပါအဝင် ခရီးစရိတ်များ၊ နေထိုင်စရိတ်များကို German Agency for International Cooperation (GIZ) က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း ဦးကျော်ကျော်ဆင့် က ပြောကြားသည်။

အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ၁၉၉၅ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှား၊ ၂၀၀၄ ခုနှစ်တွင် ဗီယက်နမ်၊ ၂၀၀၆ ခုနှစ်တွင် ဘရူနိုင်း၊ ၂၀၀၈ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၁၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ၁၀ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် အဆိုပါ ပြိုင်ပွဲကို ကျင်းပရန် သဘောတူညီပြီး ဖြစ်ကြောင်း အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲများတွင် ကျွမ်းကျင်မှုဆုများ ရရှိခဲ့ဖူးခြင်း မရှိသေးသော်လည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သည့် အသင်းဆု၊ သန့်ရှင်းသည့် ဆုများကို ရရှိခဲ့ဖူးကြောင်း ဦးကျော်ကျော်ဆင့်က ဖြည့်စွက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment