Monday 7 July 2014

ဆိပ်ကမ်းတွင် စစ်ဆေးပြီးသော စက်သုံးဆီများကိုသာ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရောင်းချခွင့် ပြုမည်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆိပ်ကမ်းများသို့ တွဲသင်္ဘောများဖြင့် ရောက်ရှိ လာသည့် စက်သုံးဆီများကို အရည်အသွေး စမ်းသပ် စစ်ဆေးပြီးမှသာ မြို့တွင်းရှိ အရောင်း ဆိုင်များသို့ တင်သွင်း ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''စက်သုံးဆီ အရည်အသွေး ကောင်းရန် လိုအပ်ခြင်းကြောင့် စစ်ဆေးပြီးမှ ဆိပ်ကမ်းကနေ အရောင်း ဆိုင်တွေ ဆီကို သယ်ဆောင်ခွင့်၊ ရောင်းချခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

 စစ်ဆေးမှု တိကျ မှန်ကန်စေရန် အတွက် စက်များ တပ်ဆင်ရန် လိုအပ်လျက်ရှိပြီး လက်လီ လက် ကား ရောင်းချသည့် အခါ အချင်အတွယ် မှန်ကန် စေရေး စစ်ဆေးမှုတွေလည်း လိုအပ်သလို ဆောင် ရွက်သွားမည်'' ဟု စက်သုံးဆီ အရည်အသွေး ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြားသည်။

စက်သုံးဆီ အရည်အသွေး စစ်ဆေးပေးသည့် စက်ကို စက်သုံးဆီ သယ်ယူ ပို့ဆောင်နေသည့် ဆီသယ် မော်တော်ယာဉ်များ၊ ရေယာဉ်များ ဆိုက်ကပ် ရပ်နားမည့် ဧရာဝတီမြစ် အတွင်း ပုသိမ် ဆိပ်ကမ်းနှင့် မန္တလေး မြို့ဧရာဝတီ မြစ်ဆိပ်ကမ်း များတွင် ငွေကျပ် သိန်း ၂၅ဝ အကုန်အကျခံပြီး တပ်ဆင်ထားကြောင်း သိရသည်။ ယခုအခါ တနင်္သာရီတိုင်း ဒေသကြီး မြိတ် ဒေသဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက်မှ ဦးစီး၍ ငွေကျပ် သိန်းပေါင်း ၅၅ဝ အကုန်အကျခံပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆိပ်ကမ်းများတွင် စက်သုံးဆီ အရည်အသွေး စစ်ဆေးစက်ကို တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် စက်သုံးဆီ ဖြန့်ဖြူးရောင်း ချရေး အသင်းတာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဖွင့်လှစ် ရောင်းချသော စက်သုံးဆီ အရောင်းဆိုင် ၁၅ဝ ကျော် ရှိပြီး အရည်အသွေး မကောင်းခြင်း၊ အချင်အတွယ် မပြည့်ဝခြင်း၊ သတ်မှတ် စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကို စစ်ဆေး တွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန် ကြေညာ ထားကြောင်း သတင်း ရရှိသည်။

ဧရာရွှေလင်း-မြင့်မောင်
မြ၀တီ

No comments:

Post a Comment