Monday 7 July 2014

ဒလ ကန်ဦးကျောင်းထိုင် ဆရာတော် ဖယ်ရှားခံရမှု လူစုလူဝေးဖြစ်

ကန်ဦးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးကုသလကို ရာထူးမှ ထုတ်ပယ်ပြီး လူဝတ်လဲရန် စေခိုင်းမှု ကို လက်မခံသော တပည့်ဒါယကာများက ကျောင်းပရဝုဏ် ဝင်ပေါက်များကို တာဝန်ရှိသူများ မဝင်ရော က်နိုင် ရန် လူစုလူဝေးဖြင့် ပိတ်ပင်ထားမှု ဒလမြို့နယ် ဆာပါချောင်ရပ်ကွက် ကန်ဦးကျောင်းတိုက်တွင် ဇူလိုင်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျောင်းထိုင်ဆရာတော် ဦးကုသလက မိန့်ကြားသည်။
ကန်ဦး ကျောင်းထိုင်ဆရာတော်အဖြစ် ၇ နှစ်ကျော် သီတင်းသုံး နေထိုင်နေသော ဆရာတော် ဦးကုသလကို မဟာသံဃနာယကအဖွဲ့ (မဟန) ၏ အမိန့်ဟု ဆိုကာ ဇူလိုင်လ ၃ ရက်နေ့က တိုင်းဒေသကြီးတရားရုံးမှ တစ်ဆင့် ကျောင်းထိုင် ရာထူးမှ ဖယ်ရှားကာ လူဝတ်လဲရန် ခိုင်းစေခဲ့ကြောင်း၊ ယင်း အတွက်ကြော င့် ကျောင်းထိုင်ဆရာတော်က ကျောင်းမှ ထွက်ခွာစဉ် ဆရာတော်၏ တပည့်ဒါယကာများက မထွက်ခွာ ရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းနောက် ဆရာတော်ကို တာဝန်ရှိသူများက လာရောက်ခေါ်ဆောင်ခြင်း မပြုရန် လူတစ်ထောင်ခန့်က ဝိုင်းဝန်းတားမြစ်ခြင်း ဖြစ်ကြောင်း ဦးကုသလက မိန့်ကြားသည်။

“ကျောင်းထိုင်ရာထူးကနေ ထုတ်ခံရတာက ကျောင်းတွေကို ခွင့်ပြုချက်မရဘဲ ဖျက်တာကြောင့် လို့ ပြော တယ်။ ကျောင်းက နာဂစ်ထိပြီးကတည်းက တော်တော်ပျက်စီးနေတာ။ ဦးပဉ္စင်းရဲ့ ဒကာ၊ ဒကာမတွေက ၂၀၀၉ ခုနှစ်က သိန်းတစ်ထောင်ကျော်ကုန်တဲ့ အာစီနှစ်ထပ်ကျောင်းဆောင် ဆောက်ပေးခဲ့တာ။ ဦးပဉ္စင်းကို ဒီကျောင်းမှာထိုင်ဖို့ ခွင့်ပြုခဲ့တဲ့ ဆရာတော် (ဦးပဝရ) ကိုယ်တိုင်က ဦးပဉ္စင်းကို တရားပြန်စွဲခဲ့တာ” ဟု ဆရာတော် ဦးကုသလက ဆက်လက်မိန့်ကြားသည်။

ကျောင်းထိုင်ဆရာတော်ကို လွန်ခဲ့သည့် ၇ နှစ်ခန့်က လမ်းမတော်မြို့နယ် သရက်တောကျောင်းတိုက်မှ မဟာသံဃနယကအဖွဲ့ဝင် ဦးပဝရက ကန်ဦးကျောင်းတိုက်တွင် ကျောင်းထိုင်ပေးရန် ခွင့်ပြုခဲ့ သဖြင့် ကျောင်း ထိုင် အဖြစ် သီတင်းသုံးနေခြင်း ဖြစ်ကြောင်း၊ ရပ်ကွက်နေ ပြည်သူများက ကြည်ညိုသဖြင့် ကျောင်း ထိုင်ရာ ထူးမှ ထုတ်ပယ်ပြီး လူဝတ်လဲခံရမှုကို လက်မခံခြင်း ဖြစ်ကြောင်း အဆိုပါ လူစုလူဝေးထံမှ စုံစမ်းသိရှိရ သည်။

“ဘုန်းကြီးက ကျောင်းက ထွက်ခွာဖို့ လေးကြိမ် ကြိုးစားပေမယ့် လူစုက လက်မခံလို့ ရဲတပ်ဖွဲ့ကို လုံခြုံရေးပေး ပြီး လာခေါ်ထုတ်ဖို့ ဖုန်းဆက် အကြောင်းကြားတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ဘုန်းကြီးကို သွားခေါ်ရင် လူထုက ဘုန်းကြီးကို ရဲဖမ်းသွားတယ် ဆိုပြီး အထင်လွဲမှာစိုးလို့ သွားမခေါ်ဘူး။ ကျောင်းအနီးမှာ ပြဿနာ မဖြစ်အောင် လုံခြုံရေး ဆောင်ရွက်ပေးထားပါတယ်” ဟု ဒလမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကန်ဦး ကျောင်းတိုက်မှ ထွက်ခွာပေးရန် နောက်ဆုံးရက်အဖြစ် ဇူလိုင်လ ၆ ရက်နေ့ကို သတ်မှတ် ထားသော်လည်း ကျောင်းတိုက်အတွင်းမှ ထွက်ခွာခွင့် မရသဖြင့် ကျောင်းထိုင်ဆရာတော် ဦးကုသလ ကိုယ်တိုင်က မဟနအဖွဲ့သို့ ဆက်သွယ် အကြောင်းကြားသော်လည်း ဆက်သွယ်၍ မရကြောင်း၊ တရားစွဲဆို ခဲ့သော သရက်တောကျောင်းတိုက်မှ ဆရာတော်ထံ ဆက်သွယ်ခဲ့ရာ မဖြစ်မနေ ထွက်ခွာရမည်ဟု ပြန် လည်ဖြေကြားခဲ့ကြောင်း ကန်ဦးကျောင်းထိုင် ဆရာတော် ဦးကုသလက မိန့်သည်။

“တရားစွဲတဲ့ ဆရာတော်က မဟန အဖွဲ့ဝင်ပါ။ ခု ဦးပဉ္စင်းကို ကျောင်းထိုင်က ဖယ်ထုတ်ပြီး လူဝတ်လဲ ခိုင်းပေမယ့် လူဝတ် မလဲပေးနိုင်ဘူး။ ရဟန်းဘဝနဲ့ပဲ ကျောင်းကနေ ကြွပေးမယ်။ ကျောင်းထိုင်နေရာကနေ ဖယ်ပေးတယ်ဆိုတာ သံဃာဘဝနဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု အငြင်းပွားရမှာ ရှက်သလို အာပတ်လည်းသင့် တယ်” ဟု သက်တော် ၃၆ နှစ် ဝါတော် ၁၆ ဝါ ရှိသည့် ကျောင်းထိုင်ဆရာတော် ဦးကုသလက မိန့်ကြားသည်။ 

ဇူလိုင်လ ၆ ရက်နေ့ ညဥ့်နက်ပိုင်းတွင် ကျောင်းထိုင်ဆရာတော်ကို ရဲတပ်ဖွဲ့နှင့် သံဃာအဖွဲ့အစည်းများက အဓမ္မ ဝင်ရောက်စီးနင်း ဖယ်ရှားမည်ကို စိုးရိမ်သောကြောင့် ကန်ဦးကျောင်းတိုက် အနီးတွင် လူအင်အား ၃၀၀ ခန့်က လုံခြုံရေးယူမည် ဖြစ်ကြောင်း အဆိုပါလူစုထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment