Monday 28 April 2014

လက်ကျန် လွှတ်တော်သက်တမ်း တစ်နှစ်ခွဲအတွင်း ဥပဒေပေါင်း ၂၀၀ ကျော် အတည်ပြုမည်ဟု သူရဦးရွှေမန်းဆို

သက်တမ်း တစ်နှစ်ခွဲကျော်သာ ကျန်ရှိတော့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ တွင် ပြည် သူ လူထု အတွက် လိုအပ်နေသည့် ဥပဒေကြမ်း ၂၀၀ ကျော် အတည်ပြု ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း အဆိုပါ လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက ဧပြီလ ၂၅ ရက်နေ့တွင် သွားရောက်ခဲ့သော မွန်ပြည်နယ် ခရီးစဉ်တွင် သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်ရှိ အရပ်ဘက် ကော်မတီအဖွဲ့များ၊ ပြည်နယ်အစိုးရ အဖွဲ့၊ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နိုင်ငံရေးပါတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံမှာရှိနေတဲ့ တည်ဆဲဥပဒေကို ပြန်လည်လေ့လာ သုံးသပ်လိုက်တဲ့ အခါမှာ ဥပဒေပေါင်း ၁၃၄ ခုကို တချို့ ပယ်ဖျက်ဖို့၊ တချို့ ပြင်ဆင်ဖို့၊ တချို့လည်း ထပ်မံအသစ်ပြဋ္ဌာန်းဖို့ ကျန်ပါသေးတယ်။ တရား လွှတ်တော်ချုပ်နဲ့ သက်ဆိုင်မယ့် ဥပဒေသုံးခု အားလုံးပေါင်း ၁၃၇ ခု ရှိပါတယ်။ အရပ်အခေါ် မျိုးစောင့် ဥပဒေနဲ့ သက်ဆိုင်တဲ့ လေးခုကလည်း ဒီနေ့ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဖွဲ့မှ ပြင်ဆင်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်ကို ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ အခြားအခြား အရေးကြီးတဲ့ ဥပဒေများလည်း ကျန်တဲ့အတွက် သာမန်အကြမ်းဖျဉ်း ပြောမယ်ဆိုရင် ဥပဒေကြမ်း စုစုပေါင်း ၂၀၀ လောက် ပြဋ္ဌာန်းဖို့ ကျန်ပါသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုတွင် ပြည်ထောင်စု လွှတ်တော်အတွင်း အတည်ပြုနိုင်ရန် ဆက်လက် ဆွေးနွေးနေသေးသည့် ဥပဒေ ၄၈ ခု ကျန်ရှိနေသေးကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ပြဌာန်းချက်များထဲမှ ဥပဒေကြမ်း သုံးခုကို သမ္မတကြီးက မှတ်ချက်ပြုပြီး လွှတ်တော်သို့ ပြန်လည် ပို့ထားကြောင်း ၎င်းကဆို သည်။

အစိုးရသက်တမ်း သုံးနှစ်တာအတွင်း ပြည်ထောင်စုလွှတ်တော် အနေနှင့် ခေတ်ကာလနှင့် မကိုက်ညီတော့ သည့် တည်ဆဲဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဥပဒေအသစ် ပြဋ္ဌာန်းခြင်းများ ပြုလုပ်ခဲ့ရာ ယခု တွင် ဥပဒေ ၉၈ ခုကို အတည်ပြု ပြဌာန်းထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment