Monday 28 April 2014

ရှမ်းနှစ်ပါတီ ပူးပေါင်းရေး မေလ ပထမပတ်အတွင်း တွေ့ဆုံမည်

ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) နှစ်ဖက် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့များ မေလ ပထမပတ်အတွင်း တွေ့ဆုံ မည် ဖြစ်ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှုကို မေလ ၃ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြုလုပ် မည် ဖြစ် ပြီး နှစ်ဖက် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် ငါးဦးစီ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းကဆို သည်။

“အခုက နှစ်ဖက် အရင်ညှိပြီးမှ တွေ့မယ့်ရက်ကို ထုတ်ပြန်တာပါ။ ပါတီ ပေါင်းစည်းရေးကိုပဲ ဦးတည် ဆွေးနွေး မှာပါ” ဟု ၎င်းကဆိုသည်။ ယင်းသို့ တွေ့ဆုံရာတွင် ပေါင်းစည်းရေး လုပ်ငန်းစဉ်များ အတွက် နှစ်ပါတီ မူဝါဒပိုင်းကို ပထမဆုံး ညှိနှိုင်းမည် ဖြစ်ကြောင်း SNDP အတွင်းရေးမှူး ဦးစိုင်းလှကျော် က ပြောကြားသည်။

“တွေ့ဆုံညှိနှိုင်းဖို့က သေချာပါတယ်။ ဆွေးနွေးကြမယ့် အကြောင်းအရာတွေကတော့ အခြေအနေအပေါ် မူတည်ပြီး လုပ်ဆောင်ရမှာပါ” ဟု ၎င်းကဆိုသည်။

နှစ်ပါတီ ပေါင်းစည်းရေး ညှိနှိုင်းရေးကို မတ်လ နောက်ဆုံးပတ်အတွင်း ပြုလုပ်ရန် ညှိနှိုင်းခဲ့သော်လည်း သဘောတူညီချက် ရရှိခဲ့ခြင်း မရှိပေ။

ထို့အပြင် ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် ပါတီ ပေါင်းစည်းရေး လုပ်ငန်းစဉ်များကြောင့် ရက်ထပ်မံ တိုးမြင့်နိုင် ဖွယ် ရှိကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောကြားသည်။

ရှမ်းနှစ်ပါတီ ပူးပေါင်းရန်အတွက် နှစ်ဖက်ပါတီများမှ ကိုယ်စားလှယ် ငါးဦးပါ ညှိနှိုင်းရေး ကော်မတီများကို ဖွဲ့စည်းထားသည်။ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၄၀ တွင် SNDP ပါတီရုံးခွဲများ ဖွင့်လှစ်ထားပြီး SNLD ပါတီ က မြို့နယ် ၃၀ ကျော်တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားသည်။

The Voice Weekly

No comments:

Post a Comment