Monday 28 April 2014

ကုန်းလမ်းပို့ဆောင်ရေး၏ ၁၉၆၄ ခုနှစ် ဥပဒေ ပြင်ဆင်မည်

ကုန်းလမ်းပို့ဆောင်ရေး၏ ခေတ်နှင့် လျော်ညီခြင်း မရှိတော့သည့် ၁၉၆၄ ခုနှစ် ဥပဒေများကို ပြင်ဆင်၍ အတည်ပြုနိုင်ရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါဌာန (နေပြည်တော်) ထံမှ သိရ သည်။ အဆိုပါ ကုန်လမ်းပို့ဆောင်ရေး၏ ၁၉၆၄ ခုနှစ် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ခေတ်နှင့် လိုက်လျော ညီထွေ မရှိတော့သည့် ဥပဒေ အကြောင်းအရာများကို ပြင်ဆင်ဖြည့် စွက်ပြီး မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးသို့ ပထမ အကြိမ် တင်ပြထားရာ အဆိုပါရုံးက ပြင်ဆင်ချက်နှင့် မှတ်ချက်များပြု၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ပြန်လည် ပေးပို့လာကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် က ပြော ကြား သည်။

“ကျွန်တော်တို့က အရင်ပြင်နေပါတယ်။ ဒီက အကြမ်းဖျင်း ပြီးတဲ့အခါကျမှ လွှတ်တော်တင်မှာပါ။ ဘယ်တော့ တင်မယ် ဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ တင်တာတော့ တင်မှာပါ” ဟု ၎င်းက ဆိုသည်။၁၉၆၄ ခုနှစ်က ပြဋ္ဌာန်းထားသည့် ကုန်လမ်းပို့ဆောင်ရေး ဥပဒေသည် ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေတစ်ရပ် ဖြစ်၍ ပြင်ဆင်သည်မှာ ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် လုပ်သက်ရင့် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးကျော်စိုးက မှတ်ချက်ပြုသည်။

“ဒီဥပဒေ မတိုင်ခင်တုန်းက မြန်မာနိုင်ငံရဲ့ ယာဉ်မောင်းစနစ်က လက်ဝဲကပ် စနစ်ပါ။ ဒီ ၁၉၆၄ ခုနှစ် အနေ နဲ့ ပြင်ပြီးတော့မှ လက်ယာကပ်စနစ် ဖြစ်သွားတာပါ။ ဒီဥပဒေကလည်း အခုဆို နှစ်တွေ တော်တော် ကြာနေ ပါပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေ ပြင်ဆင်ရာ၌ မော်တော်ယာဉ်လိုင်စင် စစ်ဆေးခြင်း လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုရန် ဆိုသည့် အချက်ကိုပါ ထည့်သွင်း ပြင်ဆင်သွားမည် ဖြစ်ပြီး ကျန်ကုန်လမ်းပို့ဆောင်ရေး ဆိုင်ရာ ဥပဒေများကိုလည်း ပြင်ဆင်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။
“နိုင်ငံတကာမှာလည်း ပုဂ္ဂလိကကသာ ဒီလုပ်ငန်းတွေ လုပ်ကိုင်ခြင်း ဖြစ်တဲ့အတွက် ပြင်ဖို့ လုပ်တာ ပါ။ ပြင်ဖို့ အတွက် တင်ဒါခေါ်ပြီးမှ လုပ်လို့ရမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းဥပဒေများကို ပြင်ဆင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးမှနေ၍ ပြင်ဆင်ချက်များ ထည့်သွင်း ၍ ပြန်လည် ပေးပို့လာသော ဥပဒေကြမ်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန က ဖြည့် စွက်ပြင်ဆင်ကာ ဒုတိယ အကြိမ်မြောက် အဖြစ် အဆိုပါ ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း အဆိုပါ ဌာန ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment