Tuesday 28 July 2015

မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့ မိုးကြီးနိုင်ပြီး နောက်ဆက်တွဲ ရုတ်တရက် ရေကြီး ရေလျှံမှုနှင့် မြေပြို တောင်ပြိုမှုများ ဖြစ်ပွားနိုင်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာ-အရာတော်-ရွှေဘို ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံ နေသည် ကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမိုးထွန်း၊ မုံရွာ) 
မြန်မာနိုင်ငံအထက်ပိုင်းရှိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး နောက်ဆက်တွဲအဖြစ် ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှု များ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။


“မြန်မာနိုင်ငံ အထက်ပိုင်း အနေနဲ့ပြောရရင် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နဲ့ ချင်းပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးကြိးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်ပါတယ်။ အချိန်တိုအတွင်းမှာ မိုးရေချိန်များတဲ့ အတွက် ရုတ်တရက် ရေကြီးတာမျိုး ဖြစ်ပွားနိုင်ပါတယ်။ မြစ်ကြီးတွေအပြင် ချောင်းငယ်တွေမှာပါ ရုတ်တရက် ရေကြီးတာမျိုး ဖြစ်ပွားနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့လည်း မြေပြိုတာ၊ တောင်ပြိုတာမျိုး ဖြစ်ပွားနိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်း နေခြင်းကြောင့်လည်းကောင်း နောက်သုံးရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း မန္တလေးတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ၂၄ နာရီအတွင်း မိုးရေချိန်တစ်လက်မခွဲ (၃၈ မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇ မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ် ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြစ်ရေ ရုတ်တရက်မြင့်တက် လာနိုင်ပြီး ရေကြီး ရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြု မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ဌာန အနေနဲ့ကတော့ ရာသီဥတု ဘယ်လိုအခြေအနေ ဖြစ်နေတယ်။ ဘယ်လိုဖြစ်လာနိုင် တယ် ဆိုတာနဲ့ သတိပေး နှိုးဆော်ချက်တွေကိုပဲ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်တယ်။ ကြိုတင် ကာကွယ်ရေးတွေကို လိုက်နာဆောင်ရွက်ပေးဖို့ကတော့ ဒေသနဲ့ပဲ ဆိုင်တာပေါ့” ဟုမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဇူလိုင် ၁၈ ရက်မှစ၍ မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ခုနစ်ဦးသေဆုံး ကာ သောင်းချီသော ဒေသခံများ ရေဘေးသင့်ခဲ့ကြပြီး မန္တလေးတိုင်း ဒေသကြီးအတွင်း ဇူလိုင် ၂၄ ရက် နှင့် ၂၅ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့တွင် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့၍ သပိတ်ကျင်းမြို့နယ်တွင် ငါးဦးသေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် သီပေါမြို့တွင်လည်း ဇူလိုင် ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေကြီးပြီး နန့်ပေါ့ချောင်းတံတား ကျိုးကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးကျော် တံတားနှင့်အတူ မျောပါသွားခဲ့ရာ လတ်တလောတွင် သုံးဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment