Tuesday 28 July 2015

SSPP/SSA အဖွဲ့မှ ဒေသခံများအား လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်ဆောင်ထောက်ဒေသ၊ ဟိုဆိုင်အုပ်စု၊ ၀မ်ပိတ်ကန်ကျေးရွာသို့ SSPP/SSA အဖွဲ့မှ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောက်ရှိလာပြီး အတင်း အဓမ္မမလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးငွေ ကောက်ခံခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

SSPP/SSA အဖွဲ့သည် ဟိုဆိုင်အုပ်စု၊ နားမွန်ကျေးရွာ ကျေးရွာများအတွင်းသို့ ၀င်ရောက်၍ လူသစ် စုဆောင်းခြင်း၊ ဆက်ကြေးငွေများကောက်ခံခြင်းနှင့် ရိက္ခာအတွက် ဆန်၊ ကြက်နှင့် ၀က်များကို အတင်းအဓမ္မ ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဟိုဆိုင်ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

“ ကျွန်တော်တို့ရွာသားတွေလည်း သူတို့အဖွဲ့ကိုကြောက်တော့ သူတို့လိုအပ်တာတွေ အတတ်နိုင်ဆုံး လုပ်ပေးနေရတာပဲ၊ ဒါပေမဲ့ သူတို့အဖွဲ့ကအတော်လေး အနိုင်ကျင့်လွန်းတယ်၊ ရွာသားတွေရဲ့ အခက်အခဲကို မကြည့်ဘူး။ ကျွန်တော်တို့ စုဆောင်းရှာဖွေထားတာကို အရန်သင့် ယူနေကြတယ်၊ ရွာမှာရှိတဲ့လူတချို့လည်း သူတို့ရဲ့ဒဏ် မခံနိုင်လို့ မြို့ပေါ်ကိုထွက်ပြေးကုန်ကြပြီ ” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ကလည်း ပြောကြားသွားပါသည်။

လွိုင်ဆောင်ထောက်ဒေသခံတစ်ဦးကတော့ “ အခုတလော SSPP/SSA နဲ့ အစိုးရတပ်တွေ တိုက်ပွဲများ ပြန်ဖြစ် လာတော့ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းတာတွေကို အရင်ကထက် ပိုလုပ်လာကြတယ်၊ အစိုးရတပ်တွေရှိနေရင်တော့ မလာရဲကြဘူး၊ ထွက်သွားတာနဲ့ လာပြီး နှိပ်စက်ကြတော့တာဘဲဗျာ ” ဟု ပြောပြ ပါသည်။

စိုင်းသီဟ
Shan News 

No comments:

Post a Comment