Tuesday 28 July 2015

လာမည့် (၃)ရက်အတွင်း မြန်မာနိုင်ငံဒေသအချို့ ရေကြီးနိုင်

လာမည့် သုံးရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အချို့တွင် ရေကြီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ် ပင်လယ်အော် အနောက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာပြီး ဒေသအလိုက် နေရာလွတ်၍ မိုးကြီးခြင်း၊ လေးပြင်း တိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေးကြီးခြင်း ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတိပေး ထုတ်ပြန်ချက်အရ သိရသည်။

“ပြည်သူတွေ သတိထားမိအောင်လို့ ကျွန်တော်တို့အနေနဲ့ လမ်းညွှန်ချက်တွေ ထည့်ထားပါတယ်။ ကျွန်တော်တို့ ၀က်ဆိုက်ဘ်၊ Facebook ပေါ်မှာလည်း သတိပေး နှိုးဆော်ချက် တင်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ မိုးလေ၀သ သတင်းတွေလို အချိန်နဲ့ တပြေးညီ ပေးပို့ပါတယ်။ ပင်လယ် ငါးဖမ်းသမားတွေကိုလည်း မိုးကြီးတဲ့အချိန်မှာ ငါးဖမ်းမထွက်ဖို့ သတင်း ထုတ်ပြန်ထားပါတယ်။ မိုးကြီးတာအပြင် နောက်ဆက်တွဲ ဒီရေကြီးတာတို့ ဖြစ်လာနိုင်တဲ့အတွက် သတိပေး နိုးဆော်ချက် ထုတ်ပြန်ထားတာပါ”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)ထိ တိုက်ခိုက်နိုင်ကြောင်း သတိပေး ထုတ်ပြန်ချက်အရ သိရသည်။

Messenger News Journal 

No comments:

Post a Comment