Tuesday 28 July 2015

ပြင်ပမှ NLD ကိုယ်စားလှယ်လောင်း လျှောက်ထားသူ (၄၀၀၀)နီးပါးရှိ

မြန်မာတစ်နိုင်ငံလုံးတွင် ပြင်ပမှ NLD လွှတ်တော် ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူ (၄၀၀၀)နီးပါးရှိနေကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဦးဟန်သာမြင့် က The Messenger Media သို့ ပြောသည်။

“များတယ်ဆိုတာ အရန်နဲ့ထားတာတောင် နှစ်ထောင်ကျော်တယ်။ နယ်က ထပ်တင်တာတွေလည်း စစ်နေရတယ်။ ညသန်းခေါင်အထိ လုပ်နေရတယ်”ဟု ဦးဟန်သာမြင့်က ဆိုသည်။

NLD ပါတီတွင် လက်ရှိရရှိသော စာရင်းအရ ပြင်ပမှ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူများကို စိစစ်နေပြီး၊ ပြည်နယ်များမှ လျှောက်ထားသူ တစ်ထောင်ကိုလည်း စိစစ်နေကြောင်း ဦးဟန်သာမြင့်က ဆိုသည်။ ၎င်းတို့ကို ယခုအခါ ပါတီတွင် နေ့ရောညပါ စိစစ်နေကာ ပါတီဝင်ဖြစ်ပြီးမှသာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် လက်ခံမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

NLD ပါတီသည် ပြင်ပကိုယ်စားလှယ် လျှောက်ထားသူများနှင့် ပတ်သက်၍ ပါတီဝင် လျှောက်လွှာနှင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာကို တစ်ပြိုင်နက် လက်ခံလျက်ရှိသည်။ လက်ရှိတွင် NLD ပါတီသို့ နာမည်ကြီး ပုဂ္ဂိုလ်များက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် လျှောက်ထားသူ များပြားလျက်ရှိသည်။

“အရည်အချင်းဆိုတာ ပြည်သူကို ဘယ်လို အကျိုးပြုမလဲဆိုတာ အရေးကြီး တယ်။ ထောင် ဘယ်လောက် ကျခဲ့ဖူးတယ်။ NLD မှာ ဘယ်လောက် လုပ်ခဲ့ ဖူးတယ် ဆိုတာထက် အရည်အချင်းကို ကြည့်မှာပါ” ဟု NLD ဗဟို သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက The Messenger Media သို့ ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ပါတီဝင် မဟုတ်ဘဲ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ (၄၀)ကျော် ရှိပြီး၊ မန္တလေးတိုင်း ဒေသကြီးတွင် (၄၀၀) ကျော်ရှိကြောင်း သိရသည်။

NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မကျေနပ်မှု အချို့ရှိနေသော်လည်း၊ နိုင်ငံအတွက် အကျိုးပြုနိုင်မည့် အရည်အချင်း ရှိသူများကို ရွေးချယ်တာဝန် ပေးအပ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ ၎င်းပုဂ္ဂိုလ်များသည် ယခင်က နိုင်ငံရေးတွင် မပါဝင်ခဲ့သော်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုအရ နိုင်ငံကို အကျိုးပြုခြင်း၊ ဒီမိုကရေစီအရေးကို ထိပါးစေရန် ပြုလုပ်ခြင်းမရှိပါက နိုင်ငံအတွက် အသုံးပြုရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

Messenger News Journal​ 

No comments:

Post a Comment