Tuesday 28 July 2015

KIO/KIA ခေါင်းဆောင်တွေ တစ်လေသံတည်းထွက်လာတဲ့ NCA အာမခံချက်

NCA နဲ့ ပတ်သက်ပြီး KIA ခေါင်းဆောင် ဂွမ်မော်နဲ့ မဇ္ဈိမသတင်းဌာနတို့ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရပါတယ်။ “ KIO မှာက NCA ကို လက်မှတ်ရေးထိုးချင်တဲ့အဖွဲ့နဲ့ မထိုးချင်တဲ့ အဖွဲ့နှစ်ဖွဲ့ ရှိတယ်ဆိုပြီး ပြောဆိုသံတွေ ကြားနေရတယ်၊ အဲဒါ ဟုတ်ပါသလား၊ အဲဒီမှာ ဗိုလ်ချုပ်က လက်မှတ်မထိုးချင်သေးဘူးဆိုပြီး ပြောနေကြတယ်၊ အဲဒါ ဟုတ်ပါသလား ” လို့ မဇ္ဈိမ သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဂွမ်မော်က “ KIO မှာ တစ်ဦးချင်းရဲ့ သဘောထားတွေက အဓိက မကျပါဘူး၊ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ အဓိက ထားပါတယ်၊ KIO ကတော့ NCA ကို ခိုင်မာတဲ့ အနေအထားနဲ့ လက်မှတ်ထိုးနိုင်ဖို့ မျှောင်လင့် ထားတယ် ” ဆိုပြီး ဖြေသွားတာ တွေ့ရပါ တယ်။


ဂွမ်မော်ရဲ့ ဖြေကြားချက်ကို ဘ၀င်မကျမိတာ အမှန်ပါပဲ။ တစ်ဦးချင်းရဲ့ သဘေားထားတွေက အဓိကမကျဘူး ဆိုတာ လက်ခံနိုင် ပါတယ်။ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ အဓိကထားပါတယ်ဆိုတဲ့ အဖြေကတော့ မေးစရာ ရှိပါတယ်။ KIO/KIA က NCA ကို လက်မှတ်ထိုးချင်တာလား။ မထိုးချင်ဘူးလား တစ်ခုခုကို ပြတ်ပြတ်သားသား ဖြေဖို့လိုပါတယ်။ အဖွဲ့ကို ဦးဆောင်နေတဲ့ သူတွေကိုယ်တိုင် ဝေ့လည်ကြောင်ပတ် ဖြေနေလို့ကတော့ ငယ်သား တွေရဲ့ သဘောထားအမှန်ကိုလည်း ဘယ်သိရတော့မလဲ။ KIO ဥက္ကဋ္ဌ ဇောင်းဟရားနဲ့ ဒုဥက္ကဋ္ဌ အင်ဘန်လ တို့ရဲ့ သဘောထားက ဘာလဲ။ KIA ခေါင်းဆောင် ဂမ်ရှောင်နဲ့ ဒုခေါင်းဆောင် ဂွမ်မော်တို့ကရော ဘယ်လို သဘောထားလဲ။ KIO ကိုယ်စား အင်ဘန်လဖြေတဲ့ အင်တာဗျူးနဲ့ KIA ကိုယ်စား ဂွမ်မော်ဖြေတဲ့ အင်တာဗျူးတွေကို ကြည့်လိုက်ရင် NCA ကို မထိုးချင်သေးဘူးဆိုတာ ပေါ်လွင်သွားပါတယ်။

ဂွမ်မော်ပြောတဲ့ NCA ကို ခိုင်မာတဲ့ အနေအထားရောက်မှ လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်တယ်ဆိုတဲ့ အဓိပ္ပါယ်က ရှင်းနေတာပဲ။ လက်ရှိ အစိုးရ UPWC ဘက်က ကမ်းလှမ်းထားတဲ့ NCA ကို လက်မှတ်မထိုးနိုင်ဘူးဆိုတဲ့ သဘောပဲလေ။ သူတို့မျှော်လင့်တဲ့ အနေအထားရမှသာ လက်မှတ်ထိုးမယ့်သဘောပါ။ ဒါဆိုရင် ဂွမ်မော်တို့က ဘာတွေ မျှော်လင့်ထားလို့လဲ။ ဘာတွေပါမှ NCA ကို လက်မှတ်ထိုးချင်တာလဲ။ ဟိုးအရင် အပစ်ရပ်ဆွေးနွေးပွဲ တိုင်း ဂွမ်မော်တို့ တောင်းဆိုနေတဲ့ လိုလားချက်ရှိပါတယ်။ ဘာလဲဆိုတော့ ကချင်ပြည်နယ်ကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ဖွဲ့ပေးဖို့၊ ဖက်ဒရယ် တပ်မတော် တည်ထောင်ခွင့်ပြုဖို့ဆိုတဲ့ အချက်တွေပါ။ ဆိုလိုတာက NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်ဖို့ဆိုတဲ့ တောင်းဆိုချက်က ဟန်ပြပါ။ သူတို့ တကယ်လို ချင်တာက “ ၀မ်ပေါင်နိုင်ငံထူထောင်ရေး တစ်နည်းအားဖြင့် ကချင်နိုင်ငံတော် ထူထောင်ရေး ” အိပ်မက်ပါ။

KIO/KIA ခေါင်းဆောင်တွေ ဘယ်လောက်ထိအောင် လည်သလဲဆိုရင် ကချင်ပြည်နယ်မှာ ရှိနေတဲ့ အစိုးရတပ် တွေ ဆုတ်ခွာပေးမှ NCA မှာ လက်မှတ်ထိုးမယ်ဆိုပါလား။ အင်ဘန်လ ပြောသွားတာပါ။ KNG သတင်းဌာနနဲ့ အင်တာဗျူးမှာ အင်ဘန် လက “ တကယ်တမ်း အပစ်ရပ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင် အခုထိုး စစ်ဆင်နေတဲ့ တပ်တွေ အားလုံးဆုတ်ပါ၊ ကုန်းပေါ်ရောက်နေတဲ့ တပ်တွေ လမ်းမပေါ်ဆင်းပါ၊ အဲဒီလို ယုံကြည်မှု ပေးနိုင်လို့ရှိရင် အချိန်မရွေး ညသန်းခေါင်ပဲ ဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ် ”ဆိုပြီး ဖြေသွားတယ်။ အပစ်ရပ်တာနဲ့ အစိုးရတပ်တွေ ကို ဆုတ်ခိုင်းတာ ဘာမှ မဆိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ တကယ်ဆို KIA အဖွဲ့ဆိုတာ မရှိတော့လျှင် အစိုးရတပ်တွေလည်း လာပြီးတိုက်ခိုက်နေစရာ အကြောင်းမရှိတော့ဘူး ။

အင်ဘန်လ ပြောသလို ပြန်ပြောရရင် KIO/KIA ကိုရော အစိုးရက ဘယ်လိုယုံကြည်မှုနဲ့ တပ်တွေပြန်ဆုတ်ပေးရ မလဲ။ ဒေသခံတွေဆီက ဆက်ကြေးကောက်၊ လူသစ်စုတာတွေ မလုပ်တော့ပါဘူးလို့ အာမခံချက်ပေးမလား။ ရဲကင်း၊ ရဲစခန်း၊ ကျောက်မျက်ကုမ္ပဏီဝန်းတွေ၊ စားသောက်ဆိုင်တွေ၊ မြို့ပေါ်လမ်းမတွေကို ဗုံးခွဲတာ၊ မိုင်းခွဲတာ တွေ မလုပ်တော့ဘူးလို့ အာမခံမလား။ ၀မ်ပေါင်နိုင်ငံမတောင်းဘူးလို့ အာမခံသလား။ အဲဒီလိုဖြစ်သွားလျှင် ရ၀မ်တွေ လီဆူးတွေ ကို နှိပ်ချဆက်ဆံမှု တွေမရှိတော့ဘူးလို့ အာမခံသလား။ ဒေသခံ ရှမ်းတိုင်းရင်းသားတွေကို ဖိနှိပ်မှု မရှိတော့ဘူးလို့ အာမခံသလား။

သစ်မှောင်ခို ဂိုဏ်းတွေကို အစိုးရတပ်တွေက လိုက်လံရှင်းလင်းတိုင်း KIA က စပစ်ပြီး တိုက်ပွဲတွေ ဖန်တီးခဲ့တာရော ဘာပြောအုံးမလဲ။ ဒီနေ့ဒီအချိန်ထိ KIA အဖွဲ့ဟာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းနဲ့ စီးပွားရှာ နေဆဲ ပဲမို့လား။ ကချင်ပြည်နယ် အစိုးရအဖွဲ့က တရားဥပဒေနဲ့အညီ အုပ်ချုပ်နေတာ တောင် KIO/KIA လုပ်ချင်သလို လုပ်နေတာ၊ ဖက်ဒရယ် သာပေးလိုက်လို့ကတော့ ဥပဒေမဲ့လုပ်ရပ်တွေ၊ ရာဇ၀တ်မှုတွေ ဘယ်လောက်တောင် ကျူးလွန် လာမလဲ မသိဘူး။ အပစ်ရပ် လက်မှတ်ထိုးဖို့ ဒီလောက်ဈေးကိုင်နေတဲ့ KIO/KIA ခေါင်းဆောင်တွေကို အစိုးရကရော ဘယ်လိုယုံကြည်ရမလဲ ဖြေကြည့်ပါ။

အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး၊ အချိန်ဆွဲလို့ရသမျှဆွဲနေတဲ့ အထဲမှာ KIO/KIA အဖွဲ့က ထိပ်ဆုံးကပါတယ်။ အင်ဘန်လနဲ့ အင်တာဗျူး၊ ဂွမ်မော်နဲ့ အင်တာဗျူးတွေကို ကြည့်ရင် လေသံက တစ်ပုံစံတည်းပဲ။ အာမခံချက် ရှိမှ လက်မှတ်ထိုးမယ်၊ ခိုင်မာ တဲ့ အနေအထားနဲ့မှ လက်မှတ်ထိုးမယ်ဆိုပြီး အတိုင်အဖောက်ညီညီ ပြောနေကြလေရဲ့။ NCA အတွက်တော့ ရင်လေး မိပါရဲ့။ အင်ဘန်လနဲ့ ဂွမ်မော်တို့လို KIO/KIA ခေါင်းဆောင်တွေ ခံယူချက်နဲ့ စိတ်ဓာတ်တွေ မပြင်သရွေ့ NCA လက်မှတ် ထိုးရေးဟာ လည်း အလှမ်းဝေးနေဦးမှာပဲလို့သာ ပြောချင်ပါတယ်။

ဝေယံထက်
Today Myanmar 

No comments:

Post a Comment