Tuesday 28 July 2015

ဝမ်လော၊ ဆိုက်ခေါင်ဒေသတွင် လူသစ်နှင့်ဆက်ကြေးကောက်ခံရန်လာသော RCSS/SSA အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

ဇူလိုင်လ ၂၂ ရက်နေ့တွင် ၀မ်လော၊ ဆိုက်ခေါင်ဒေသအတွင်း လူသစ်နှင့် ဆက်ကြေးကောက်ခံရန် ရောက်ရှိလာသော RCSSA/SSA အဖွဲ့နှင့် အစိုးရတပ်တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ ရွာတွေမှာ ဆက်ကြေးကောက်၊ လူသစ်စုဖို့ ပုန်းနေတာလေ၊ အစိုးရတပ်က သတင်းရလို့ဖြစ်မှာပေါ့၊ ကောင်းပါတယ် ဒါမှ ဒီကောင်တွေ ရွာတွေကို မလာရဲမှာ၊ ဒီကောင်တွေရှိနေရင် တောင်ယာလည်းလုပ်လို့ မရတဲ့အပြင်၊ ရိက္ခာနဲ့ဆက်ကြေးကလည်း ပေးနေရသေးတယ် ” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့သည် လူသစ်နှင့်ဆက်ကြေးငွေများကောက်ခံလာပြီး ၀မ်လော၊ ဆိုက်ခေါင်ဒေသ၏ အရှေ့ မြောက်ဘက်အရောက်တွင် အစိုးရတပ်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရတပ်မှ တဲအဟောင်း ၃ လုံးအတွင်းမှ ကျောပိုးအိတ် ၄ လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း သိရသည်။

RCSS/SSA အဖွဲ့သည် လက်နက်အားကိုးဖြင့် လူသစ်စု၊ ဆက်ကြေးကောက်ခံမှုကြောင့် ဒေသခံလူငယ်များမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ၎င်းတို့၏ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်းနှင့် မိမိတို့ဒေသအတွင်း တိုက်ပွဲများထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

စိုင်းစံဟိန်း
Shan News 

No comments:

Post a Comment