Tuesday 28 July 2015

ဆိုမာလီ နာမည်ကျော်ဟိုတယ်ကို အယ်လ်ရှာဘတ် ဗုံးခွဲ၊ တရုတ်သံရုံးဝန်ထမ်း အပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံး


ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှုရှိ နာမည်ကျော် ဟိုတယ်တစ်ခုကို ဆိုမာလီ စစ်သွေးကြွ အယ်လ်ရှာဘတ်အုပ်စုက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးသွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

BBC သတင်းဖော်ပြချက်အရ အယ်လ်ရှာဘတ် စစ်သွေးကြွများသည် မိုဂါဒစ်ရှုမြို့ရှိ ဂျာဇီးရားဟိုတယ် အဝင်ဝတွင် ကားဗုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာမီ အချိန်ပိုင်းတွင်မှာပင် အယ်လ်ရှာဘတ် စစ်သွေးကြွများက ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ 

အယ်လ်ရှာဘတ် စစ်သွေးကြွများသည် ဂျာဇီးရားဟိုတယ်ကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ၁၃ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်များက ဆိုသည်။ 

“ကျွန်တော်တို့တွေ သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၁ ဦးကို သယ်ဆောင်ပေးခဲ့ပါတယ်၊ တချို့ဆိုရင် ဒဏ်ရာအင်မတန် ပြင်းထန်ပါတယ်” ဟု ဆိုမာလီ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ 

ဗုံးခွဲတိုက်ခိုက်ခြင်း ခံလိုက်ရသည့် ဂျာဇီးရားဟိုတယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတည်ရှိပြီး ပေါက်ကွဲမှုကြောင့် ယင်းသံရုံးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တရုတ်နိုင်ငံသားတစ်ဦး သေဆုံးသွားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ဆိုမာလီ ရဲအရာရှိတစ်ဦး၏ ပြောပြချက်အရ အဆိုပါဖြစ်ရပ်သည် အသေခံ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီး ပေါက်ကွဲမှု ပြင်းထန်သောကြောင့် ဟိုတယ်ဂိတ်တံခါးများ ပျက်စီးသွားခဲ့သည်။ 

ဆိုမာလီစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှိတ်အာဘစ်မူဆတ်က “ဒါဟာ သူတို့ လက်တုံ့ပြန်လိုက်တာပါ။ အစိုးရတပ်တွေက အယ်လ်ရှာဘတ်တွေကို ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ။ အဲဒါကို မကျေနပ်လို့ ပြန်လည်တိုက်ခိုက်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသည်။ 

ဆိုမာလီ အစိုးရတပ်သည် အာဖရိကသမဂ္ဂတပ်ဖွဲ့ (AMISOM) နှင့် ပူးပေါင်းကာ အယ်လ်ရှာဘတ် အစ္စလာမ္မစ် စစ်သွေးကြွများကို ပြင်းထန်စွာ ထိုးစစ်ဆင်လျက်ရှိသည်။ 

ယင်းထိုးစစ်များကြောင့် အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုသည် ယခုနှစ်အတွင်း နယ်မြေပိုင်ဆိုင်မှုများ လျော့ကျသွားကာ သေးငယ်ကျဉ်းမြောင်းသော နယ်မြေထဲတွင်သာ ခြေကုပ်ယူ လှုပ်ရှားနေရသည်။ 

အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုသည် အနောက်နိုင်ငံ ကျောထောက်နောက်ခံ ဆိုမာလီအစိုးရကို ဖြုတ်ချပြီး ဆိုမာလီနိုင်ငံအတွင်း တင်းကျပ်သည့် အစ္စလာမ္မစ် အယူဝါဒ သွတ်သွင်းရန် ကြိုးပမ်းလျက်ရှိသည်။

The Voice Weekly 

No comments:

Post a Comment