Tuesday 28 July 2015

NSCN-K နှင့် အိန္ဒိယတပ်များကြား တိုက်ခိုက်မှု ပိုမိုမြင့်တက်လာ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တွင် အခြေစိုက် နေထိုင်သည့် နာဂလက်နက်ကိုင် NSCN-K တပ်ဖွဲ့ဝင်များ အနေဖြင့် အိန္ဒိယ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ဖျက်သိမ်း ပြီးနောက်တွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ပိုမိုလာကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဌာနထံမှ သိရသည်။

ယင်းသို့ နာဂလက်နက်ကိုင် တပ်ဖွဲ့ဝင်များ (NSCN-K တပ်ဖွဲ့ဝင်များ) က အိန္ဒိယ အစိုးရ လုံခြုံရေး တပ်များအား ချုံခိုတိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည့် အတွက် အိန္ဒိယ နိုင်ငံအတွင်း နာဂလန်း ပြည်နယ်တွင် နေထိုင်နေသာ နာဂလူမျိုးစုများ အတွက် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

''တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြတော့ ပြည်သူတွေ အခက် တွေ့နေတယ်လို့ သိရတယ်။ ပြီးတော့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုလည်း ဖျက်သိမ်း ပစ်လိုက်တော့ ပိုဆိုးလာတာပေါ့။ ကိုယ့်ပြည်တွင်းကို ၀င်ရောက်လာခြင်း မရှိအောင်တော့ နယ်စပ်လုံခြုံရေး အခြေအနေကို တိုးမြှင့်ထားပါတယ်။ တစ်ဖက်နိုင်ငံမှာ ဖြစ်တယ် ဆိုပေမယ့် ရိုက်ခတ်လာမှာကို သတိထား နေရတယ်'' ဟု တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မူးကြီး ကြည်နိုင်က The Messenger Media သို့ပြောသည်။

ယင်းသို့ တစ်ဖက်နိုင်ငံ၌ နာဂလက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် အိန္ဒိယ အစိုးရတပ်များ အကြား တိုက်ခိုက်မှုသည် နှစ်နိုင်ငံ နယ်စပ် အနီးတွင် ဖြစ်ပွားနေသည့် အတွက် ပြည်တွင်းသို့ ၀င်ရောက်မှု မရှိစေရေး အတွက် နယ်စပ် လုံခြုံရေးအား တိုးမြှင့်သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးထံမှ သိရသည်။

ယင်းသို့ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍  နာဂလန်း ပြည်နယ် အုပ်ချုပ်ရေးမူးက ပဋိပက္ခများကို အမြန်ဆုံး ငြိမ်းအေးနိုင်စေရေး အတွက် ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဟု ပြည်နယ် အုပ်ချုပ်ရေးမူး ပီဘီအာချာရာက တရားဝင် ထုတ်ပြန် ပြောကြားခဲ့ကြောင်း၊ ယခုအခါ ဒေသခံ ပြည်နယ် တိုင်းရင်းသား မျိုးနွယ်စုများ အနေဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း ယခုလ(၂၆) ရက်နေ့ မဏိပူရ် ပြည်နယ်ထုတ် The Sangai Express သတင်းစာတွင် ဖော်ပြထားကြောင်း သိရသည်။

Messenger News Journal​ 

No comments:

Post a Comment