Tuesday 28 July 2015

UWSA မှ ရွေးကောက်ပွဲ ကျင်းပရန်ဟုအကြောင်းပြကာ ဒေသခံ“ ၀ ”တိုင်းရင်းသားများအား ပြန်လည် ခေါ်ယူ

UWSA “ ၀ ”အဖွဲ့သည် လူဦးရေ ၆ သိန်းခန့်ရှိ နယ်မြေအတွင်း ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မိုင်းလားနယ်မြေအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသော ဒေသခံတိုင်းရင်းသားများအား ပြန်လည်ခေါ်ယူနေကြောင်း သိရှိရပါသည်။

"ကျနော်တို့နယ်မြေထဲမှာ အစိုးရက ရွေးကောက်ပွဲလုပ်ပေးမယ်လို့ သိရတယ်၊ လူ ၆ သိန်းရှိတဲ့အထဲက ဒီမှာ မှတ်ပုံတင်ရှိတာက နှစ်ထောင်ကျော်ကျော်လေးပဲ ရှိမယ်ထင်တယ်၊ တစ်ချို့ကမှတ်ပုံတင်ရှိတယ် အိမ်ထောင်စု စာရင်းမရှိဘူး၊ အများစုအနေနဲ့ မှတ်ပုံတင်မရှိ ဖြစ်နေတယ်” လို့ UWSA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောပါသည်။

“ ၀ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း စာရင်းအရလူဦးရေ ၆ သိန်းခန့်ရှိသော်လည်း အခြားနယ်မြေများတွင် စီးပွားရေးလုပ်ကိုင်နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများအား အမည်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကာ ပြန်လည်ခေါ်ယူစုဆောင်းမှုများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။ ထိုသို့ ပြန်လည်ခေါ်ယူရာတွင် NDAA(မိုင်းလား)အဖွဲ့ထံသို့ အကူအညီတောင်းခံ၍ မိုင်းလားမြို့တွင် ရောက်ရှိနေသူများအား ပြန်လည်စေလွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

NDAA(မိုင်းလား)အဖွဲ့မှလည်း မိုင်လားမြို့တွင်း၌ လာရောက်အလုပ်လုပ်ကိုင်နေသည် “၀”လူမျိုးများအား ဇူလိုင်အကုန်အပြီး ပြန်လည်ထွက်ခွာရန် ပြောကြားထားကြောင်းနှင့် ပြန်လည်ထွက်ခွာခြင်းမရှိပါက ဖမ်းဆီး အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

UWSA “ ၀ ”အဖွဲ့သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ နှစ်ကြိမ်တွင် ကျင်းပခွင့် မရခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ကျင်းပနိုင်ရေးအတွက် အခြားနယ်မြေများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ဒေသခံ တိုင်းရင်းသားများအား ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံတိုင်းရင်းသားတစ်ဦးမှ ပြောကြားသွားပါသည်။

ခွန်စစ်အောင်
Shan News 

No comments:

Post a Comment