Tuesday 28 July 2015

လူနာစောင့်တောင် အလွတ်မပေးတဲ့ သူခိုး

မန္တလေး ပြည်သူ့ဆေးရုံကြီး ဆီးချို၊ သွေးချိုလူနာများ ထားရှိသော အဆောင်တွင် ဇူလိုင်လ(၂၅)ရက်နေ့က ဆေးကုသမှု ခံယူနေသူ၏ အိတ်တစ်လုံး ခိုးယူခံခဲ့ရသည်။

““ခဏလေး မှေးလိုက်မိတုန်း အခိုးခံ လိုက်ရတာ။ နှစ်နာရီ ကျော်လောက်မှ အိပ်တာ။ လေးနာရီလောက် နိုးလာတော့ မရှိတော့ဘူး”ဟု အခိုးခံရသည့် ကာယကံရှင် ပခုက္ကူ တက်္ကသိုလ်မှ ကထိကဆရာ ဦးဇော်မင်းဌေးက ပြောသည်။

အိတ်ထဲတွင် ပိုက်ဆံ နှစ်သိန်းကျော်၊ တက်ဘလက် တစ်လုံး၊ ဖုန်းတစ်လုံးနှင့် လက်ဝတ်လက်စား အနည်းငယ် ပါသွားကြောင်း၊ အိတ်ယူသွားသောသူကို CCTV ကင်မရာတွင် မြင်ရကြောင်း ဦးဇော်မင်းဌေးက ပြောသည်။

““ပစ္စည်းလေးတွေတော့ ပျောက်တတ်တယ်။ ဆေးရုံကြီးမှာ လုံခြုံရေးတွေလည်း ချထားပါတယ်။ သူစိမ်းလို့ ယူဆရရင် စောင့်ကြည့်တာမျိုးလည်း ရှိပါတယ်။ အမှတ်(၈) ရဲစခန်းကလည်း လူတွေ လွှတ်ပေးထားတယ်။ တယ်လီဖုန်းတွေ အများဆုံး ပျောက်ကြတာပဲ။ တချို့ခိုးတာကိုမိလို့ ရဲစခန်း ပို့လိုက်ရတာတွေလည်း ရှိပါတယ်” ဟု မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးလူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောသည်။

ဇနီးသည်၏ ဆီးချိုဝေဒနာအား ကုသရန် မန္တလေးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှတ်(၈)ရဲစခန်းတွင် တိုင်ချက် ဖွင့်ထားပြီး ဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment