Tuesday 28 July 2015

အောင်ဇေယျ တံတားပေါ်ရှိ ချစ်သူစုံတွဲထံမှ လုယက်ကာ မိန်းကလေးကို မုဒိမ်းကျင့်၊ယင်းအမှုကို စုံစမ်းထောက်လှမ်းသော နယ်ထိန်းရဲ အသတ်ခံရ

အင်းစိန်မြို့နယ် အောင်ဇေယျ တံတားပေါ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ ညက ချိန်းတွေ့နေသော ချစ်သူစုံတွဲထံမှ လုယက်ကာ မိန်းကလေးကို မုဒိမ်းကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုကို စုံစမ်းထောက်လှမ်းနေသော နယ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦး ကမ်းနားအနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာလမ်းရှိ လမင်းရိပ် လက်ဖက်ရည်ဆိုင်ရှေ့တွင် ဇူလိုင်လ ၂၆ ရက် ညနေ ၅ နာရီခွဲက အသတ်ခံရကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အောင်ဇေယျ ကြိုးတံတားပေါ်မှာ စုံတွဲကို ဓားထောက်ပြီး လုယက်မုဒိမ်းမှု ကျူးလွန်ခဲ့သူကို လိုက်စုံစမ်းနေတဲ့ ရဲတပ်ကြပ်ကို ဓားရှည်ကိုင်ထားတဲ့ တစ်ယောက်က ဓားနဲ့ ဆင့်ခုတ်ပြီး နောက်တစ်ယောက်က စကေဘာနဲ့ ဝင်ထိုးတာ၊ ဘေးမှာရှိနေတဲ့ သူတွေကလည်း ကြောက်လန့်ပြီး ဝင်မဆွဲရဲဘူး” ဟု ဖြစ်ပွားချိန် မျက်မြင်တွေ့ရှိခဲ့သော အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားပေါ်တွင် ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခွဲက အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် ၎င်း၏ ချစ်သူ အသက် ၂၀ အရွယ် လူငယ်နှင့် စကားပြောနေစဉ် ၎င်းတို့ထံ ငှက်ကြီးတောင်ဓား ကိုင်ဆောင်ထားသော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရောက်လာပြီး လက်ကိုင်ဖုန်းနဲ့ ရွှေနားကပ်ကို လုယူကာ မိန်းကလေးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း အင်းစိန်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ဓားထောက်ပြီး ရှိတဲ့ ပစ္စည်းတွေပေး၊ မပေးရင် သတ်ပစ်မယ်ပြောလို့ ဟန်းဖုန်းနဲ့ နားကပ်ကို ပေးလိုက်တယ်၊ ပြီးတော့ ဓားထောက်ပြီး တံတားအဆင်းနားက နားနေဆောင်ဂိတ်တဲထဲ ခေါ်သွားပြီး ကောင်လေးကို မှောက်ခိုင်းပြီး အပေါ်ကနေ ဓားထောက်ထားတယ်၊ ကောင်မလေးကို အနားခေါ်ပြီး အဓမ္မပြုကျင့်တယ်၊ ရဲတိုင်ရင် သတ်ပစ်မယ်လို့ ပြောပြီး နှစ်ယောက်လုံးကို ပြန်လွှတ်ပေးလိုက်တယ်” ဟု လုယက်ကာ သားမယားအဖြစ် ပြုကျင့်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။ 

ယင်းအမှုနှင့် ပတ်သက်၍ အင်းစိန်ကမ်းနား အနောက်ရပ်ကွက်တွင် နယ်ထိန်း တာဝန်ထမ်းဆောင်သော အသက် ၃၅ နှစ်အရွယ် ရဲတပ်ကြပ် ချစ်ကိုကိုမောင်က စုံစမ်းထောက်လှမ်းစဉ် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲတွင် အသတ်ခံရခြင်း ဖြစ်ကြောင်း၊ နယ်ထိန်းကို ဓားဖြင့်ထိုးသူ နှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း၊ ပြည်သူများ၏ သတင်းပေးချက်အရ ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲတွင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဖန်ချက်စက်ရုံလမ်းပေါ်တွင် ယင်းထွက်ပြေးသူနှစ်ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့နှစ်ဦးအနက် တစ်ဦးကို လုယက်မုဒိမ်းမှုဖြင့် သံသယရှိနေကြောင်း အင်းစိန်မြို့မ ရဲစခန်းမှူး ဒုရဲမှူးရွှေဇံက ပြောကြားသည်။

ယင်းနယ်ထိန်းကို ဓားဖြင့်ဆင့်ခုတ်ခဲ့သူဟု ယူဆရသူမှာ အင်းစိန်မြို့နယ် ကမ်းနားအနောက် ရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ အရွယ်ရှိ သက်မင်း (ခ) တက်ပုဖြစ်ပြီး စကေဘာဖြင့် ထိုးသူမှာ ကမ်းနားအလယ်ရပ်ကွက် ကံကြီးတိုးချဲ့ (၂) လမ်းတွင် နေထိုင်သူ အသက် ၂၇ နှစ် အရွယ်ရှိ ချစ်ကိုတို့ဖြစ်ကြောင်း အင်းစိန်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အသတ်ခံရသော နယ်ထိန်းရဲတပ်ဖွဲ့ဝင်မှာ ခန္ဓာကိုယ်အနှံ ထိုးသွင်းဒဏ်ရာ ငါးချက်နှင့် ပြတ်ရှဒဏ်ရာ ၁၀ ချက်တို့ဖြင့် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ထားကြောင်း၊ ယင်းအမှုများနှင့် ပတ်သက်ပြီး ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၈၆၊ ပုဒ်မ ၃၇၆ တို့ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment