Tuesday 28 July 2015

သာယာဝတီ အကျဉ်းထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း

သာယာဝတီ အကျဉ်းထောင်တွင် ဆရာဝန်၊ ဆေးဝါးပစ္စည်း စသည့် လိုအပ်ချက်များရှိနေပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်သင့်ကြောင်း အဆိုပါ အကျဉ်းထောင်အတွင်းရှိ ဖမ်းဆီးခံကျောင်းသားများနှင့်တွေ့ဆုံရန် သွားရောက်စစ်ဆေးခဲ့သော မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်သည်။

“ခန့်ထားတာက ဖွဲ့စည်းပုံအင်အား ပြည့်မီခြင်း မရှိဘူး။ အရေးပေါ် အခြေအနေတို့၊ ဖျားနာတဲ့ အတွက်ကို ပြုစုစောင့်ရှောက်ဖို့ အတွက် အင်အားပြည်မီဖို့ လိုတယ်လို့ ယူဆတယ်။ ကျွန်တော်ကတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက အကျဉ်းထောင် ရောက်ဖူးတော့ ဟိုအချိန်ကနဲ့ စာရင်တော့ ကောင်းလာတယ်။ တစ်ခု အကောင်းမြင်တာကတော့ ကျောင်းသားတွေကို ခြင်ထောင်နဲ့ အိပ်ခွင့်ပြုတာကို သဘောကျတယ်။ တော်ရုံတန်ရုံ ထောင်တွေမှာ ခြင်ထောင် သုံးခွင့်မပြုဘူး”ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောသည်။

အကျဉ်းထောင် ဆေးရုံဖွဲ့စည်းပုံအရ ဆရာဝန် ငါးဦး၊ ၀န်ထမ်း ခုနစ်ဦး စုစုပေါင်း (၁၅)ဦးရှိရမည် ဖြစ်သော်လည်း လက်ရှိတွင် သာယာဝတီ အကျဉ်းထောင်၌ အမျိုးသား ဆရာဝန်နှစ်ဦးနှင့် သူနာပြုတစ်ဦးသာရှိပြီး အမျိုးသမီး ဆရာဝန်၊ သွားဆရာဝန် မရှိကြောင်း၊ အမျိုးသမီး သူနာပြုတစ်ဦး ရှိသော်လည်း သင်တန်းသွားတက်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။

ထို့ကြောင့် သာယာဝတီ အကျဉ်းထောင် ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းခြင်း၊ သွားရောဂါကု ဆရာဝန်၊ အမျိုးသမီး ဆရာဝန်နှင့် သူနာပြု ဆရာမများ ထားရှိခြင်း၊ ဓာတ်မှန်ရိုက်စက်နှင့် ခေတ်မီဆေးဝါးပစ္စည်း ကိရိယာများ ပြည့်စုံစွာ ထားရှိသင့်ကြောင်း လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းခဲ့သည်။ 

“ဒါတွေက တကယ်ကို လိုအပ်ပါတယ်။ ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုက အရမ်း အရေးကြီးတယ်။ သူတို့ကလည်း နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံသား တစ်ယောက် ရပိုင်ခွင့် ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် အပြည့်အ၀ ရသင့်တယ်”ဟု သာယာဝတီ အကျဉ်းထောင်တွင်(၁၂)နှစ် နီးပါး အကျဉ်းကျခံ ခဲ့ရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကြည်လွင်က ပြောသည်။

ကျောင်းသားများနှင့် ပတ်သက်၍မူ သာယာဝတီ အကျဉ်းထောင်တွင် သိမ်းဆည်းထားသော ပစ္စည်းများနှင့် ပြန်လည်အပ်နှံခဲ့သော ပစ္စည်းစာရင်းများ ကွာခြားချက်ကို  ပြန်လည် စိစစ်သင့်ကြောင်း၊ ရဲတပ်ဖွဲ့ အနေဖြင့်လည်း သိမ်းဆည်းထားသော ပစ္စည်းများအနက် သက်သေခံမဟုတ်သော ပစ္စည်းများကို ကာယကံရှင်များထံသို့ ပြန်လည်အပ်နှံရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းထားသည်။

ထို့အပြင် တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံရသော အမျိုးသား ခုနစ်ဦးအား အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ (၄၂) အရ တရားစွဲဆိုခဲ့ခြင်းနှင့် ပတ်သက်၍လည်း သက်ညှာစွာ စဉ်းစားရန်နှင့် ကျောင်းသားများကို ရုံးထုတ်ရာတွင် ရဲအချုပ်ကားများ၌ လိုအပ်သည်ထက် ကျော်လွန်တင်ဆောင်ခြင်း မပြုသင့်ကြောင်း တိုက်တွန်းထားသည်။

Messenger News Journal​ 

No comments:

Post a Comment