Tuesday 28 July 2015

ကေဘယ်ကြိုး ခိုးယူသည့် လူငယ် (၆)ဦးအား ဖမ်းဆီးရမိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသုံး ကေဘယ်ကြိုးများနှင့် ၀ါယာကြိုးများကို ခိုးယူနေသူ လူငယ်ခြောက်ဦးအား ယခုလ (၂၆) ရက်နေ့၌ ခန္တီးမြို့နယ်တွင် ဖမ်းဆီး အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ခန္တီးမြို့နယ်၊ ဇီးဖြူကုန်းရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံး၊ မီးစက်ခန်းဘေးမှ ဆက်သွယ်ရေး ကေဘယ်ကြိုးများနှင့် ဘိုးဘွားရိပ်သာတွင် တပ်ဆင်ထားသည့် မီးပလပ်ခုံမှ ၀ါယာကြိုးများအား ဆောက်လုပ်ဆဲ ဘိုးဘွားရိပ်သာအနီးရှိ တောစပ် တစ်နေရာတွင် မီးခိုးများ ထွက်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ သွားရောက် ကြည့်ရှုရာ ကေဘယ်ကြိုးအတွင်းမှ ကြေးနန်းများ ရရှိရေးအတွက် မီးရှို့နေသူ လူငယ်ခြောက်ဦးအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

အဆိုပါ လူငယ်များမှာ စိုင်းမျိုးဇော် (ခ) ငဇော်(၁၉)နှစ် နေမင်းခန့်(ခ) ကုလား (၁၅)နှစ်၊ စိုင်းဝေထွန်း (ခ)ဂေါင်ကြီး (၁၅)နှစ်၊ ပေါင်းငို(၁၂)နှစ်၊ စိုင်းဝဏ္ဍ (၁၂)နှစ် နှင့် ညွန့်ပေါင်(၁၂)နှစ်တို့ ခြောက်ဦးသည် အစိုးရဌာနဆိုင်ရာ ဆက်သွယ်ရေးရုံးမှ ကေဘယ်ကြိုးများအား ခိုးယူထားကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာ ခန္တီးမြို့မ ရဲစခန်းမှ စိုင်းမျိုးဇော် ပါခြောက်ဦးအား (ပ) ၅၉/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Messenger News Journal​ 

No comments:

Post a Comment