Tuesday 28 July 2015

ရန်ကုန် အိမ်ခြံမြေဈေး စံနှုန်းသတ်မှတ်ချက် ထုတ်ပြန်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြေဈေးနှင့်တိုက်ခန်း ဈေးစံနှုန်း သတ်မှတ်ချက်များကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

““ဒီဈေးနှုန်းတွေက လက်ရှိအချိန်နဲ့လည်း အမှန်တကယ် ကိုက်ညီမှုရှိသလို မျှတမှုလည်း ရှိတဲ့အတွက် တရားဝင်သတ် မှတ်ချက်ကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်တယ်”” ဟု ရန်ကုန်တိုင်း ဒေသကြီး ကာလတန်ဖိုး စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းသို့ ထုတ်ပြန်ရာတွင် မြို့နယ်အလိုက် ဂရန်မြေ တစ်စတုရန်းပေ အလိုက် သတ်မှတ်ပေးခြင်းဖြစ်ပြီး၊ တိုက်ခန်းများမှာလည်း အထပ် အမြင့်အနိမ့်ပေါ် မူတည်၍ တစ်စတုရန်းပေ ဈေးနှုန်းများကို သတ်မှတ်ပေးခြင်း ဖြစ်သည်။

သတ်မှတ်ချက်တွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ဂရန်မြေ တစ်စတုရန်းပေလျှင် အနည်းဆုံး (၁၄၀၀၀၀)ကျပ် မှ အများဆုံး (၂၄၀၀၀၀)ကျပ်ရှိပြီး၊ လမ်း အနေအထားပေါ်တူတည်၍ ဈေးနှုန်း ကွာခြားမှုရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် ပြင်ပရှိ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒဂုံဆိပ်ကမ်း၊ ဒလ စသည့်မြို့နယ်များတွင် တစ်စတုရန်းပေလျှင် အနည်းဆုံး (၄၆၀၀) ကျပ်မှ အများဆုံး ကျပ်(၉၀၀၀)၀န်းကျင် သတ်မှတ်ထားပြီး၊ တောင်ဥက္ကလာပ၊ တာမွေ စသည့်မြို့နယ်များတွင် အများဆုံး (၁၁၀၀၀၀)ကျပ်ဝန်းကျင်ဟု သတ်မှတ် ထားသည်။

““ဒီစံနှုန်းတွေ သတ်မှတ်ဖို့အတွက် အိမ်ခြံမြေအသင်းကို အကူအညီတောင်းပြီး ဖြစ်နိုင်တဲ့ဈေးကို တင်ပြပြီးသွားပြီ။ အခု ထုတ်ပြန်တဲ့ စာရင်းကို မကြည့်ရသေးတော့ အတိအကျ ပြောလို့မရဘူး””ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ယခုနှစ်အတွက် မြေဈေးနှုန်း သတ်မှတ်ရာတွင် မြို့နယ် (၄၄)မြို့နယ်၏ မြေဈေးစံနှုန်းများ သတ်မှတ်ခြင်းဖြစ်ပြီး၊ ထိုသတ်မှတ်ချက်တွင် လမ်းအနေအထား၊ မြေအကျယ်အ၀န်းပေါ် မူတည်၍ စံနှုန်းမှာ ကွာဟမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

          တိုက်ခန်းများ ရောင်းဝယ်ခြင်းအပေါ် စည်းကြပ်ရန် အဆိုပြုစံနှုန်းများမှာ မြောက်ဥက္ကလာပ၊ သာကေတ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် တစ်စတုရန်းပေလျှင် မြေညီထပ်မှာ (၃၀၀၀၀)ကျပ် ၀န်းကျင်ဖြစ်ပြီး၊ (၇)လွှာမှာ (၁၄၀၀၀) ၀န်းကျင်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင် နှင့် ဒဂုံမြို့နယ်များတွင် တစ်စတုရန်းပေလျှင် မြေညီထပ် (၁၂၀၀၀၀)ကျပ် ၀န်းကျင်၊ အမြင့်ဆုံး (၇)လွှာမှာ (၃၇၀၀၀) ၀န်းကျင်ဖြစ်သည်

Messenger News Journal​  

No comments:

Post a Comment