Wednesday 20 May 2015

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် မခက်ခဲဟု သမ္မတ၏ ပြောဆိုမှု လက်တွေ့မဆန် ဟု ပါတီများ သုံးသပ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အခက်အခဲမရှိနိုင်ဟု သမ္မတ ဦးသိန်းစိန်က မေ ၁၈ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ရာ ထိုသို့ ပြောကြားချက်မှာ  လက်တွေ့ မဆန်ဟု နိုင်ငံရေး ပါတီများက ဝေဖန်လိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး  ကြိုးပမ်းနေကြသော်လည်း လက်ရှိ အခြေအနေထိပြင်ဆင်နိုင်ခြင်း မရှိသေးချိန်တွင် သမ္မတဦးသိန်းစိန်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးအေးသာအောင်က " သမ္မတပြောတဲ့ သိပ်အခက်အခဲ မရှိဘူးဆိုတာက မဖြစ်နိုင်ဘူး။ လွှတ်တော်တွင်း ကြိုးပမ်းနေတဲ့ ကော်မတီ တချို့ ရှိတယ်။ ဒါတွေက ဟန်ရေးပြတာပဲ တွေ့ရတယ်။ တကယ်ပြင်ဖို့ ဆိုရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ထောက်ခံမှရမှာ ဖြစ်တယ်။ စစ်တပ်ရဲ့သဘောထားကို အားလုံးသိတဲ့အတိုင်း ဖြစ်တဲ့အတွက် မဖြစ်နိုင်ပါဘူး" ဟု ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော်လည်း ထိုကော်မတီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်အများစု ပါဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထိရောက်သော ဆောင်ရွက်မှုများ မလုပ်ကိုင်နိုင်သေးပေ။

"မခက်ခဲဘူးလို့ ပြောပေမယ့် ဘာကြောင့် မခက်ခဲဘူးဆိုတာ မရှင်းသွားဘူး။ ခေါင်းဆောင် ပိုင်းတွေက ညီညီညွတ်ညွတ်ရှိရင် မခက်ဘူး။ ခေါင်းဆောင်ပိုင်းတွေက မညီညွတ်ရင်တော့ ခက်မှာ ပေါ့"ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

မေလ ပထမပတ်က ပန်ဆန်းဒေသတွင် ပြုလုပ်ခဲ့သော  တိုင်းရင်းသားညီလာခံတွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးအချက်ကို ထည့်သွင်းတောင်းဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် NLD က ပြည်သူလူထု ထံတွင် ဆန္ဒလက်မှတ်များ ကောက်ခံခဲ့ရာ ဆန္ဒမဲ လက်မှတ် ငါးသန်းကျော် ရရှိခဲ့သည်။

လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်  ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေး ရန် ပြင်ဆင်လျက်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်နိုင်မှသာ ပုဒ်မ ၅၉(စ) အပါ အ၀င် အရေးကြီးသည့် ပုဒ်မများကို ပြင်ဆင်နိုင်မည် ဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် အချို့ပုဒ်မများသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံမှ ပြင်ဆင်ရမည် ဖြစ်ပြီး အချို့ပုဒ်မများသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅  ရာခိုင်နှုန်းကျော်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဟု ပြဋ္ဌာန်းထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment