Wednesday 20 May 2015

ဒဂုံဆိပ်ကမ်းတွင် အကြွေးတောင်းရာမှ အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်ရှိ ကျူးကျော်နေအိမ် တစ်လုံးတွင် မေလ ၁၈ ရက် ည ၈ နာရီခွဲက အုပ်စုဖွဲ့ကာ အကြွေးလာရောက်တောင်းသူများနှင့် အိမ်ရှင်မိသားစု စကားများရန်ဖြစ်ရာမှ အကြွေးလာရောက်တောင်းသူ အုပ်စုအဖွဲ့က အမျိုးသားနှစ်ဦးကို ဓားရှည်များဖြင့် ဝိုင်းခုတ်မှုဖြစ်ပွား ခဲ့ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

(၆၉) ရပ်ကွက် ရာဇာဓိရာဇ်လမ်းရှိ ကျူးကျော်နေအိမ်တွင် နေထိုင်သူ အသက် ၄၄ နှစ် အရွယ်ရှိ ဒေါ်သီတာ၏နေအိမ်သို့ တစ်ရပ်ကွက်တည်း နေထိုင်သူ အသက် ၅၃ နှစ် အရွယ်ရှိ ဦးလှမြင့် အပါအဝင် အမျိုးသားလေးဦးက အကြွေးလာရောက် တောင်းခဲ့ကြောင်း၊ အကြွေးတောင်းနေစဉ် နှစ်ဖက်စကားများ ရန်ဖြစ်စဉ် ဒေါ်သီတာ၏နေအိမ် မျက်နှာချင်းဆိုင်တွင် နေထိုင်သူ အမျိုးသား နှစ်ဦးက ဝင်ရောက် ဟန့်တားရာက ကြွေးတောင်းသူများက အသင့်ပါလာသည့် ဓားရှည်များဖြင့် ဝိုင်းခုတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ချေးထားတဲ့ အကြွေးကို တစ်လကျော်နေတာ ပြန်မဆပ်လို့ ဓားကိုင်ပြီး လာသောင်းကျန်းတာ။ မိန်းမသား တွေပဲ နေထိုင်တဲ့အိမ်မို့ ဘေးအိမ်က မိသားစုက နှစ်ဖက်ပြေလည်ဖို့ ဝင်ဖျန်ဖြေပေးတာကို ကြွေးတောင်းသူ တွေက ငါတို့ အလုပ်ကို ဝင်ရှုပ်တဲ့ကောင်တွေ ဆိုပြီးဓားနဲ့ ခုတ်ခဲ့တာ” ဟု ရာဇာဓိရာဇ်လမ်းတွင် နေထိုင်သူ အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဓားဖြင့်ခုတ်ခံရသူ နှစ်ဦးမှာ ရာဇာဓိရာဇ်လမ်းတွင် နေထိုင်သူ အသက် ၆၄ နှစ် အရွယ် ဦးစိန်သောင်းနှင့် ၎င်း၏ သားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဦးကျော်ထွန်းတို့ဖြစ်ပြီး ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာနှင့် ခန္ဓာကိုယ်အနှံ့ ပြတ်ရှဒဏ်ရာများကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း၊ ဓားခုတ်မှု ကျူးလွန်သူများကို ယင်းညက ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ အသက် ၁၈ နှစ်အရွယ် ဇင်မောင်မောင်(ခ) ဘာဘူကိုဖမ်းမိခဲ့ပြီး ကျန်သူ များမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းထံမှ သိရှိရသည်။

“အကြွေးက ထောင်ဂဏန်းပဲရှိတာ၊ ဒါကို အုပ်စုဖွဲ့ဓားကိုင်ပြီး အကြွေးတောင်းတယ်။ မရတော့ အသက်ကို ခြိမ်းခြောက်တယ်။ ဒီရပ်ကွက်မှာ ငွေတိုးချေး စားသူအများစုက အုပ်စုဖွဲ့ ရမ်းကားမှုတွေ လုပ်နေပေမယ့် စားစရာ မရှိတော့လည်း ဒီလူတွေနဲ့ မကင်းနိုင်ဘူး။ ချေးငှားသုံးနေရတာ” ဟု ယင်းရပ်ကွက်ရှိ ကျူးကျော် တဲများတွင် နေထိုင်သူ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ကြွေးတောင်းရာမှ အုပ်စုဖွဲ့ ဓားခုတ်မှုမှ ဖမ်းမိထားသူ ဇင်မောင်မောင် အပါအဝင် ထွက်ပြေး တိမ်းရှောင် နေသူ ဦးလှမြင့်၊ ထွန်းထွန်းနိုင်နှင့် ကျော်သက်တို့ကို (ပ) ၃၁၉/၁၅၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment