Wednesday 20 May 2015

အခွန်တံဆိပ်ခေါင်းမကပ်၍ ဗဟန်းမြို့နယ်ရှိ Lotteria ဆိုင် အရေးယူခံရ

ဂျန်းရှင်းစကွဲ Lotteria ဆိုင်ခွဲတွင်မူ ပြေစာ၌ အခွန်တံဆိပ်ခေါင်း ကပ်ပေးထားသည်ကို မေလ၁၉ရက်က တွေ့ရစဉ်(ဓာတ်ပုံ−နစ်ကီ) 
၂၀၁၅ ပြည်ထောင်စုအ ခွန်အကောက်ဥပဒေအရ စားသောက်ဆိုင်အခွန်တံဆိပ်ခေါင်းမကပ်သည့် ဗဟန်း မြို့နယ်ရှိ Lott−eria ဟမ်ဘာကာနှင့် ကြက်ကြော်ဆိုင်ကို ပထမဦးဆုံးအကြိမ် ဒဏ်ငွေရိုက်ခဲ့ကြောင်း   သတင်းရရှိသည်။

အခွန်ရုံးသို့ တံဆိပ်ခေါင်းခွန် မကပ်ကြောင်း တိုင်ကြားစာ ရောက်လာသောကြောင့် မေလ ၁၈ ရက်က အရေးယူခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီးမှူး ဦးကျော်သန့်လွင် ကပြောသည်။

‘‘ဒီဆိုင်က အရင်ကတည်းက သတိပေးထားတာသုံးကြိမ်လောက်ရှိပြီ။ အခုမှဒဏ်ရိုက်ဖြစ်တာပါ။ ဒီအတိုင်းပဲ တံဆိပ်ခေါင်း ခွန်မကပ်လို့ သတိပေးထားရတဲ့ ဆိုင်တွေမှာ ရန်ကုန်မြို့ရဲ့ နာမည် ကြီးဆိုင် တော်တော် များများ ပါ ၀င်နေတယ်’’ဟု ဦးကျော်သန့်လွင် ကပြောသည်။

၂၀၁၄  နိုဝင်ဘာမှ ယခုနှစ် မတ်လအထိတံဆိပ်ခေါင်းခွန် မကပ်သောကြောင့် ဆိုင် ၃၀ ကျော်ကို  သတိပေးခဲ့ပြီးဖြစ်ကာ ယခုနှစ်ဧပြီ ၁ ရက်မှစ၍ ငွေဒဏ်ရိုက် နိုင်သော်လည်း ယခုမှသာစတင် ဒဏ်ရိုက်ခဲ့ ကြောင်း၊ အခွန်တံဆိပ်ခေါင်းမကပ်ကြောင်း တိုင်ကြားသူကို ငွေကျပ်နှစ်သောင်း ပြန်လည်ပေးအပ်ရန် စီစဉ် နေ ကြောင်း  ဦးကျော်သန့်လွင်ကပြောသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ Lotteria စားသောက်ဆိုင်၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်မင်းဦးက ဒဏ်ရိုက်ခြင်းမဟုတ်ဘဲ ခေါ်ယူသတိပေးခြင်းသာဖြစ်ကြောင်း ငြင်း ဆိုခဲ့သည်။ လက်ရှိအချိန်ထိ တံဆိပ်ခေါင်းခွန်ကပ်နေကြောင်းနှင့် အခွန်အပြည့်အ၀ ပေးဆောင်ထား ကြောင်း ဆက် လက်ပြောကြားသည်။

‘‘စားသောက်ဆိုင်ကြီး မဟုတ်ဘူး။ Fast Food ရောင်းတဲ့ ဆိုင်ဖြစ်တယ်။ နိုင်ငံတကာမှာ ဒီလိုအခွန် မကောက်ဘူး။ အခု အခွန်ကောက်တာကိုလည်း မကပ်တာမဟုတ်ဘူး။ တစ်ခါတလေ ၀န်ထမ်းတွေမနိုင်လို့ လွတ်သွား တာရှိပါတယ်။ အခုလိုမျိုးဒဏ် ရိုက်တာမရှိသေးဘူး’’ဟု ဦးဇော် မင်းဦးကပြောသည်။

၂၀၁၅ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ဘောက်ချာတစ်စောင်အတွက်ကျသင့် သည့်ပမာဏ အခွန်တံဆိပ်ခေါင်း မကပ်လျှင် ဆိုင်ရှင်များအားဧပြီမှစ၍ ပထမအကြိမ် ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ကျပ်ငါးသိန်း၊ တ တိယအကြိမ် ကျပ်ခုနစ်သိန်းနှင့် စတုတ္ထအကြိမ် ကျပ်ဆယ်သိန်းစီ ဒဏ်ရိုက်မည်ဖြစ်ပြီး တိုင်ကြားသူ အားယင်းဒဏ်ကြေးငွေ၏ ၁၀ ရာ ခိုင်နှုန်းချီးမြှင့်မည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။

7Day DAILY 

No comments:

Post a Comment