Wednesday 20 May 2015

ရာမာဒီမှ အိုင်အက်စ်တပ်များကို တွန်းလှန်ရန် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်များကို အီရတ်အစိုးရ ဖိတ်ခေါ်

ရာမာဒီမြို့ကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန် တိုက်ထုတ်ရန်အတွက် ပြည်သူ့စစ်များအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒဖြင့် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ကြောင်း အီရတ်အစိုးရက ကြေညာခဲ့သည်။

 အိုင်အက်စ်တို့သည် ယခုသီတင်းပတ် အစောပိုင်းတွင် ဘဂ္ဂဒက်မြို့တော်နှင့် မဝေးလှသည့်နေရာ၌ တည်ရှိသော ရာမာဒီမြို့၏ အစိတ်အပိုင်း အားလုံးနီးပါးကို ထိန်းချုပ် သိမ်းပိုက်ထားလိုက်သည်။ ရာမာဒီသည် အန်ဘာပြည်နယ်၏ မြို့တော်ဖြစ်ပြီး ယခုအခါ အဆိုပါ ပြည်နယ်တစ်ခုလုံးနီးပါး အိုင်အက်စ်တို့လက် ကျရောက်နေပြီ ဖြစ်သည်။
 မေလ ၁၇ ရက်တွင် ရာမာဒီ မြို့ထဲသို့ အိုင်အက်စ်တို့ စတင်ဝင်ရောက်ခဲ့ချိန်ကတည်းက မြို့ခံ ထောင်ပေါင်းများစွာတို့သည် မိမိတို့၏နေရပ်ကို စွန့်ခွာ ထွက်ပြေးသွားကြသည်။ ယခုအခါ အီရတ်အစိုးရက စေတနာ့ဝန်ထမ်း ပြည်သူ့စစ်များကို ဖိတ်ခေါ်သည့် ကြေညာချက် ထုတ်ပြန်ပြီး ရာမာဒီကို ပြန်လည်သိမ်းပိုက်ရာ၌ ပူးပေါင်းကြရန် နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အီရတ်ရှိ နယ်မြေခံ တပ်ဖွဲ့များကို မည်သို့သော နည်းလမ်းများဖြင့် အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မည်ကို ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။ အထူးသဖြင့် ဒေသခံ ပြည်သူ့စစ်များကို စစ်ရေး လေ့ကျင့်ခန်းများ ပို့ချခြင်း၊ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အရှိန်မြှင့် ဆောင်ရွက်ပြီး အီရတ် အစိုးရ ဦးဆောင်သည့် စစ်ဆင်ရေးများတွင် ပူးပေါင်းစေရန် တွန်းအားပေးသွားလိုကြောင်း လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အလီစတဲယား ဘက်စ်ကေးက AFPသို့ ပြောကြားခဲ့သည်။
လတ်တလောတွင် အိုင်အက်စ်တို့သည် ရာမာဒီ မြို့ထဲ၌ ခံစစ်ဗျူဟာ ခင်းကျင်း နေရာယူမှုများ စတင် ပြုလုပ်နေပြီဟု မျက်မြင်များက ဆိုသည်။ အိုင်အက်စ်တို့ကို တိုက်ခိုက်မည့် စစ်ဆင်ရေးတွင် အီရတ် အစိုးရတပ်များနှင့် ပူးပေါင်းရန် ရှီးဟိုက် မွတ်ဆလင် ပြည်သူ့စစ် ၃၀၀၀ ခန့်သည် ရာမာဒီ အရှေ့ဘက် ကီလိုမီတာ ၂၀ မျှ အကွာရှိ ဟက်ဘာနီယာ စစ်စခန်းတွင် အသင့်အနေအထား နေရာယူထားကြောင်းလည်း သိရှိရသည်။
_Ref: BBC

No comments:

Post a Comment