Wednesday 20 May 2015

ဆော်ဒီတွင် အာဏာပါးကွက်သား အသစ်များ ခန့်အပ်ရန် လိုအပ်လာ

 သေဒဏ်ချမှတ်သည့် ပြစ်ဒဏ်စီရင်မှုများ တိုးပွားလာသည့်နောက် ဆော်ဒီအာရေဗျ အာဏာပိုင်များက အာဏာပါးကွက်သား အဖြစ် တာဝန်ထမ်းဆောင်ရန် အလုပ်ခေါ်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ အလုပ်ခေါ်စာတွင် ပါးကွက်သား ရာထူးအတွက် ရှစ်နေရာ တိုးမြှင့် ခန့်အပ်သွားမည်ဖြစ်ပြီး လျှောက်ထားသူများသည် အထူးပြု ပညာရပ်တစ်ခုခု တတ်မြောက်ထားရန် မလိုသော်လည်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တိတိရိရိ ဖြတ်တောက်နိုင်ရမည်ဟု ဖော်ပြထားသည်။

  ဆော်ဒီသည် ကမ္ဘာပေါ်တွင် သေဒဏ်ပေးမှု အမြင့်ဆုံး နိုင်ငံငါးခု စာရင်းတွင် ပါဝင်နေပြီး အများအားဖြင့် သေဒဏ်စီရင်ရာတွင် ခေါင်းဖြတ် ကွပ်မျက်သော နည်းလမ်းကို အသုံးပြုလေ့ ရှိသည်။ ထို့ကြောင့် အာဏာပါးကွက်သားအဖြစ် တာဝန်ထမ်းဆောင်သူသည် ဓားချက် တစ်ချက်တည်းဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းကို ဖြတ်တောက်နိုင်သည့် အရည်အချင်းမျိုး လိုအပ်ကြောင်း အလုပ်ခေါ်စာ ကြေညာချက်တွင် ထည့်သွင်း သတ်မှတ်ထားခြင်း ဖြစ်သည်။

 နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဆော်ဒီကို တရုတ်နှင့် အီရန်တို့နောက် ကမ္ဘာပေါ်တွင် သေဒဏ်ပေးမှု တတိယ အမြင့်ဆုံး နိုင်ငံအဖြစ် ဖော်ပြထားသည်။ ဆော်ဒီတွင် သေဒဏ်ပေးနှုန်းသည် ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာရာ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အမျိုးသား တစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်။ ယင်းကွပ်မျက်ခံရသူသည် ၂၀၁၅ ခုနှစ်အတွင်း ဆော်ဒီတွင် ၈၅ ဦးမြောက် ခေါင်းဖြတ် ကွပ်မျက်ခံရသူ ဖြစ်လာသည်။ ၂၀၁၄ ခုနှစ် တစ်နှစ်လုံး အတိုင်းအတာဖြင့် ကြည့်ပါက ဆော်ဒီတွင် ခေါင်းဖြတ်ကွပ်မျက်ခံရသူ ၈၈ ဦး ရှိခဲ့ရာ ယခုနှစ်အတွင်း သေဒဏ်ပေးမှု သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်နိုင်သည်။

 ဆော်ဒီဥပဒေအရ သေဒဏ်စီရင်ခံရသူ အများစုသည် လူသတ်မှု ကျူးလွန်သူများ ဖြစ်ကြပြီး ၃၈ ဦးမှာမူ မူးယစ်ဆေးဝါးမှုများအတွက် ခေါင်းဖြတ်ကွပ်မျက် ခံရခြင်းဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ဆော်ဒီတွင် ခေါင်းဖြတ်ကွပ်မျက်ခံရသူ အားလုံးအနက် ထက်ဝက်မျှသည် ဆော်ဒီနိုင်ငံသားများ ဖြစ်ကြပြီး အခြားသူများမှ ပါကစ္စတန်၊ ယီမင်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ချတ်ဒ်၊ ဖိလစ်ပိုင်၊ ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ ဖြစ်ကြသည်။

_Ref: News.com.au

No comments:

Post a Comment