Wednesday 20 May 2015

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပပေးရန် ဒေါက်တာတူးဂျာတောင်းဆို

လာမည့် ၂၀၁၅အထွေ ထွေရွေးကောက်ပွဲတွင်  ကချင် ပြည်နယ်ရှိ မဲဆန္ဒနယ်များအားလုံး၌  ကျင်းပ ပေးရန်  ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ  ဒေါက်တာတူးဂျာက ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် သို့  တင်ပြလိုက်ကြောင်းသတင်းရရှိသည်။

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် ယင်းဒေသများရှိ ပြည်သူများ၏ အခက်အခဲများကို လွှတ်တော်သို့  တင်ပြပေးမည့်  ကိုယ်စားလှယ်မရှိသောကြောင့် ပြည်သူများ အနေဖြင့် နိုင်ငံသားအခွင့်အရေးများဆုံးရှုံးနေသည်ဟု ဒေါက်တာတူးဂျာကဆိုသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် နယ်မြေမလုံခြုံ၍မဲဆန္ဒနယ်အချို့ကို ရွေးကောက်ပွဲမကျင်းပ ပေးခဲ့ကြောင်း၊ ကချင်ပြည်နယ်တွင်  ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ရှိနေသော်လည်း ယင်းအဖွဲ့ အစည်းသည်  ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းမျိုးမတွေ့ရသည့်အတွက်အစိုးရက မဲဆန္ဒနယ်များအားလုံးကို ကျင်းပပေးသင့်ကြောင်း  ဒေါက်တာတူးဂျာကပြောသည်။

မေလ ၁၈ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတ နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌဒေါက်တာတူးဂျာက အထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။

 အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေလွတ်လပ်ပြီးတရား မျှတသော  ရွေးကောက်ပွဲဖြစ်အောင် ကျင်းပ ပေးမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊   နယ်မြေလုံခြုံရေးအခြေအနေကြောင့် လည်းကောင်း လွတ်လပ်ပြီးမျှတသောရွေးကောက်ပွဲမဖြစ်နိုင်သည့် မဲဆန္ဒနယ်များအား ရွှေ့ဆိုင်းခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အားပေးထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယင်းတွေ့ဆုံပွဲ၌ပြောသည်။

 ပြီးခဲ့သည့် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ်များဖြစ်သော  ဖားကန့်၊  ဗန်းမော်၊  မိုး ကောင်းမဲဆန္ဒနယ်များကို နယ်မြေ လုံခြုံရေးကြောင့် ရွေးကောက်ပွဲကျင်းပပေးရန်  ရွှေ့ဆိုင်းလိုက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လာမည့်အထွေထွေရွေး ကောက်ပွဲကာလသည် လုံခြုံရေးအရေးကြီးသဖြင့် လုံခြုံရေးအ ပြည့်အ၀ဆောင် ရွက်ပေးစေလိုကြောင်းနှင့် လုံခြုံရေးမတည်ငြိမ် သောနေရာများတွင် ရွေးကောက်ပွဲကျင်းပရန် ရှိ၊မရှိ နိုင်ငံရေးပါတီများအား အသိပေးရန်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်က မတ်လ ၁၈ ရက်၌ နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပွဲတွင် တင်ပြခဲ့သည်။

ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲမကျင်းပမီ ၁၅ရက်ကြိုတင်အသိပေး ကြေညာ မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ယင်းတွေ့ဆုံပွဲတွင်နိုင်ငံရေး ပါတီများအား ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၃၉၉တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များ ဖော်ပြ ထားရာ၌ သဘာဝဘေး အန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေ အရသော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင် ခြင်းမရှိသည့် မဲဆန္ဒနယ် များ ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်း ခြင်းဟုဖော်ပြပါရှိသည်။

7Day DAILY 

No comments:

Post a Comment