Wednesday 20 May 2015

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမည်ဟု ဦးတင်အေးဆို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အဓိကကျသော အချက်သုံးချက်ကို ဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်သောကြောင့် လွတ်လပ်၍ တရား မျှတမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက The Messenger Media သို့ ပြောကြားသည်။ အချက် သုံးချက်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်ချက်များ အတိုင်း မှန်ကန်မှု ရှိစေရေး၊ ပြည်တွင်း၊ ပြည်ပ စောင့်ကြည့် လ့လာသူများ ခေါ်ယူ ထားခြင်း၊ မဲရုံမှူးများ၊ ကော်မရှင် အဖွဲ့ဝင် အဆင့်ဆင့်က ဥပဒေနှင့် အညီ မလုပ်ဆောင် ပါက အရေးယူခြင်းများ ဖြစ်ကြောင်း ၎င်း ကရှင်းပြသည်။ လေ့လာသူတွေ ဖိတ်ထားတယ်။ လေ့လာ သူတွေက စောင့်ကြည့်တဲ့ အခါကျတော့၊ မတရား မလုပ်ရဲဘူးပေါ့။ သူတို့ ကတော့ ၀င်ပြောလို့ မရဘူး။ ဒါပေမဲ့ ရီပို့ရေးလို့ ရတယ်။ ပါတီတွေ၊ ကော်မရှင်တွေ ဥပဒေ မလိုက်နာဘူး။ ဘက်လိုက်တယ် ဆိုရင် ရီပို့ ရေးမယ်ပေါ့။ နောက် အရေးယူမယ့် ဥပဒေတွေရှိတယ် ဟု ဦးတင်အေးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ငန်း လမ်းညွှန် များကို နိုင်ငံရေး ပါတီများ၊ CSO များ၊ မီဒီယာများ ထံသို့ ဖြန့်ဝေ ထားကြောင်း၊ ၎င်းတို့သည် ညှိနှိုင်း၍ ရကြောင်း၊ ၎င်းဥပဒေများကို သိရှိပြီး လိုက်နာပါက မှန်မှန်ကန်ကန် ဖြစ်မည် ဖြစ်ကာ အမှားများ လုပ်ဆောင်ပါ ကလည်း ထောက်ပြ နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် တိုင်းပြည် ၏ အဓိကကျသော ကိစ္စ ဖြစ်ပြီး၊ နိုင်ငံရေးပါတီ အားလုံး ၀င်ရောက် ယှဉ်ပြိုင်မည်ဟု မျှော်လင့်ကြောင်း၊ ပြည်သူများ၏ ဆန္ဒ အမှန်များ ထင်ဟပ်သော ရွေးကောက်ပွဲ ဖြစ်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ အစိုးရ အဖွဲ့အနေဖြင့် သန့်ရှင်း လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် ကြိုးစား သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

ကျွန်တော်တို့ ကလည်း လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပူးပေါင်း ပြီးလည်း ကူညီမှာပါ။ ဒါပေမဲ့ ဖြစ်မဖြစ် ကတော့ ခန့်မှန်းပြောဖို့ ခက်ပါသေးတယ် ဟု NLD ပါတီမှ CEC အဖွဲ့ဝင်ဦးထွန်းထွန်းဟိန်က The Messenger Media သို့ ပြောသည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထား သော်လည်း ရက်အတိအကျကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ လက်ရှိတွင် တရားဝင် မှတ်ပုံတင်ထားသော ပါတီ (၇၃) ခုရှိနေသည်။ ရွေးကောက်ပွဲ နိုင်ခြင်း၊ ရှုံးခြင်းသည် တစ်ခဏသာ ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် အနိုင်ရလို သော်လည်း ရွေးကောက်ပွဲ နိုင်ခြင်းထက် တိုင်းပြည် အတွက် မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည်။

Messenger News Journal

No comments:

Post a Comment