Wednesday 20 May 2015

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်ကာ ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဦးတည်နေ

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၂၄ နာရီ အတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း ရွေ့လျားမှုသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဦးတည် ရွေ့လျားနေသောကြောင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

"ညနေ ၄ နာရီခွဲတိုင်းထွာချက်အရ လောလောဆယ်မှာ လေဖိအားနည်းရပ်ဝန်းအဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်ကို ပြောင်းလဲနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းကို ဦးတည် နေတယ်။ မြန်မာနိုင်ငံနဲ့ကပ်နေလို့ မနေ့ကတည်းက ဘင်္ဂလားပင်လယ်အော်မှာ လေထုမငြိမ်မသက်ဖြစ်နေ တာကို ကြိုသတိထားလို့ရအောင် ထုတ်ပြန်ပေးထားပါတယ်" ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် သုံး၊ လေးရက်ခန့် မိုးကြီးနိုင် ကြောင်း ဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။

"အဲဒီအရှိန်ကြောင့် နောက် သုံး၊ လေးရက်လောက် မိုးကောင်းနိုင်မယ်။ ရခိုင်ကမ်းရိုးတန်းကနေ မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီဘက်ကိုရွေ့သွားနိုင်တယ်။ သုံးလေးရက်လောက်ပြီးရင် အပေါ်ပိုင်း မှာတော့ မိုးနည်းသွားနိုင်တယ်။ ကချင်ပြည်နယ်ဘက်တော့ မိုးမကောင်းဘူး၊ ရွာတော့ရွာနေတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာလည်း မိုးဆက်ကောင်းနိုင်သေးတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်ဖြစ်ပေါ်ပါက ယခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဦးဆုံးအကြိမ် မုန်တိုင်းစတင်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မေ ၁၉ ရက်နေ့တွင် ရွာသွန်းခဲ့သည့် မှတ်သားဖွယ်ရာမိုးရေချိန်များသည် ပြင်ဦးလွင်မြို့တွင် ၆ ဒသမ ၆၅ လက်မ၊ မြစ်ငယ်မြို့တွင် ၅ ဒသမ ၅၉ လက်မ၊ မန္တလေးရွှေစာရံတွင် ၅ ဒသမ ၅ လက်မ၊ ငါန်းဇွန်မြို့တွင် ၄ ဒသမ ၉၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၄ ဒသမ ၆၉ လက်မ၊ မြောင်းမြမြို့နှင့် စဥ့်ကူးမြို့တို့တွင် ၄ ဒသမ ၁၄ လက်မ၊ မန္တလေးမြို့တွင် ၄ ဒသမ ၀၅ လက်မ၊ နောင်ချိုမြို့တွင် ၃ ဒသမ ၉၈ လက်မ၊ အမရပူရမြို့တွင် ၃ ဒသမ ၇၆ လက်မ၊ ဖြူးမြို့တွင် ၃ ဒသမ ၅၄ လက်မ၊ စစ်တွေမြို့တွင် ၃ ဒသမ ၃၈ လက်မနှင့် ကျောက်ဆည်မြို့တွင် ၂ ဒသမ ၉၅ လက်မတို့ရွာသွန်းခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မေ ၂၀ ရက် မိုးရွာသွန်းနိုင်သည့်အခြေအနေများသည် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်း နိုင်ပြီး ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာကွက်ကြား မိုးကြီးနိုင်ကာ ရွာရန်ရာခိုင်နှုန်း ၈၀ ခန့်ရှိကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခိုက် နိုင်ကြောင်းလည်း သိရသည်။

မိုးခေါင်ရေရှားအရပ်ဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသည် မုတ်သုံမ၀င်ရောက်မီကာလ၊ မုတ်သုံ ထွက်ခွာ ချိန်ကာလ၊ မုတ်သုံအားကောင်းသည့်ကာလနှင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပွား သည့် အချိန်များတွင် မိုးရရှိကြောင်း၊ ယခင်နှစ်မိုးရာသီတွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ခြောက်လုံးထက်မနည်း ဖြစ်ပွားခဲ့သော်လည်း အလယ်ပိုင်းဒေသများတွင် မုန်တိုင်းမိုးရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment