Wednesday 20 May 2015

ကြက်မှတစ်ဆင့် လူသို့ကူးစက်သော H7N9 တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတောင်ကြီးမြို့တွင် စတင်

မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံနေရာ အချို့တွင် ကြက်မှတစ်ဆင့် လူသို့ ကူးစက်စေသော တုပ်ကွေးရောဂါ(H7N9)များ ဖြစ်ပွားနေသောကြောင့် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်အတွင်း ရောဂါမဖြစ်ပွားစေရန် တုပ်ကွေးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ စတင်နေကြောင်း   သတင်းရရှိသည်။

အဆိုပါ H7N9 တုပ်ကွေး ရောဂါအသိပညာပေးကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ ပြန်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ၁၉ နှင့် ၂၀ ရက်တွင် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်ခန်းမ၌ ကျင်းပခဲ့ သည်။

‘‘တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့အတွက် မြန်မာပြည်ထဲမှာ ဖြစ်ပွားမှုမရှိစေဖို့ ဒီအလုပ်ရုံဆွေးနွေး ပွဲကျင်းပ ရခြင်းဖြစ်တယ်’’ဟု တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ သက်နိုင်မိုး က ပြောသည်။

H7N9 တုပ်ကွေးရောဂါ ကြောင့် ၂၀၁၃ မှ ၂၀၁၅ အတွင်း တရုတ်နိုင်ငံတွင် လူပေါင်း ၂၅၀ ဦး သေဆုံး ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)က ထုတ်ပြန်ထားသည်။ အဆိုပါတုပ်ကွေးမှာ လူလူချင်း မကူးစက်ဘဲ ကြက်မှတစ်ဆင့်  လူသို့ ကူးစက်ခြင်းဖြစ်ပြီး  ကြက်ငှက်တုပ်ကွေးရောဂါ (H5N1)နှင့် ဆက်စပ် သည့် ရောဂါ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ H7N9 ရောဂါဖြစ်ပွားခြင်းမရှိ သေးကြောင်း အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

ဆွေးနွေးပွဲကာလအတွင်း တောင်ကြီးမြို့ မြို့မဈေးကြီးရှိ ကြက်သား လက်လီ လက်ကားရောင်းချနေသူများ နှင့်ပါ တွေ့ဆုံမည်ဖြစ်ပြီး တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေးမှုများကွင်းဆင်း ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကြက်များတွင် H7N9 ရော ဂါဖြစ်ပွားမှု ရှိ၊ မရှိ ဓာတ်ခွဲစမ်း သပ်ရန် ကြက်နမူနာ များယူထား ပြီး ရန်ကုန်နှင့် မန္တလေးရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တို့နှင့်ချိတ်ဆက်၍ အစဉ်စောင့် ကြည့်စစ်ဆေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားနေသဖြင့် တရုတ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းနှင့် ကချင်ပြည်နယ် တို့၌ H7N9 ရောဂါကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်လက မုံရွာမြို့ရှိ ကြက်၊ ငုံးမွေးမြူရေး အထူးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကျရောက် ခဲ့သည်။

7Day DAILY 

No comments:

Post a Comment