Wednesday 20 May 2015

နန့်လင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးနေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ပြန် လည်ဖြစ် ပွားလာနေပြီး မန်စီမြို့နယ်ရှိ နန့်လင်းပါကျေးရွာ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံ နေသူ များအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်သော အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသား များအား KIA အဖွဲ့မှ မေ ၁၇ ရက်နေ့ ည ၁၀ နာရီ ကျော်အချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ည ၁၀ နာရီကျော်လောက် သူတို့အဖွဲ့တွေ စခန်းထဲကို ၀င်လာတယ်၊ အယောက် ၂၀ လောက်ရှိတယ်၊ တွေ့တဲ့ အမျိုးသားတွေ အကုန်လုံးစုခိုင်းပြီး အသက် ၁၆ နှစ်ကျော် မှန်သမျှ အတင်းဖမ်းခေါ်နေတာ၊ ဒုက္ခ ရောက်လို့ စခန်းမှာလာနေတာ၊ အခုလို အတင်းလိုက်ဖမ်း၊ လူသစ်စုတာတော့ ယုတ်မာလွန်းတယ်၊ အဲဒီ ညကဆို စခန်းမှာ ငရဲကျနေတာဘဲ၊ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်၊ ပြေးလို့ အပစ်ခံရတဲ့သူတွေလည်း ရှိတယ် ” ဟု ဒုက္ခသည် စခန်းမှာနေထိုင်သော ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

မေလ ၆ ရက်နေ့မှ စတင်ကာ အစိုးရတပ်နှင့် KIA အဖွဲ့များသည် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ကြောင့် KIA အဖွဲ့အနေဖြင့် နန့်လင်းပါ၊ လွေဆိုင်း၊ ဒုံခုံ အစရှိသော ကျေးရွာများတွင် ဆက်ကြေး ကောက်သည့် အပြင် ဒေသခံများအား လူသစ်အဖြစ် အတင်းအကြပ် လိုက်လံဖမ်းဆီးနေကြောင်း ဒုက္ခ သည်များအရေး ကူညီဆောင်ရွက်ပေးနေသော ဆရာမတစ်ဦးမှ ပြောပြပါသည်။

“ ဒီကိုရောက်လာတဲ့သူတွေက စစ်ဘေးကြောင့် ဒုက္ခရောက်လို့ ရောက်လာတဲ့သူတွေပါ၊ ဒီမှာလဲ စားရေး သောက်ရေး အခက်အခဲတွေအများကြီးရှိပါတယ်၊ ဒီအခက်အခဲတွေကို မကူညီတဲ့အပြင် ဒုက္ခသည်တွေကိုပါ လူသစ်အဖြစ်ဖမ်းတာတော့ တော်တော်မိုက်ရိုင်းလွန်း တယ်၊ အခုတချို့တွေဆိုရင် မကျိုင်း၊ နန့်လင်းပါ၊ ကောင်လွင် စတဲ့ရွာတွေကို ထွက်ပြေးကုန်ကြပြီ၊ ဒီမှာနေရင်လည်း အဖမ်းခံရမယ့်အတူတူ ထွက်ပြေးကြ တာ ထင်တယ်၊ KIA က ဒီလိုတွေလုပ်နေသမျှ ကျွန်မတို့ဒေသမှာ သေနတ် သံတွေ အမြဲကြားနေရအုံးမှာပဲ၊ ခုဆိုရင် ဒေသခံတွေကော၊ ဒုက္ခသည်တွေပါ တိုက်ပွဲတွေပြန်ဖြစ်နေတော့ စိုးရိမ်နေကြတယ် ” ဟု ၎င်းမှ ဆက်လက် ပြောကြားသည်။

ဘရန်အောင်(မြစ်ကြီးနား)
Kachin Daily News 

No comments:

Post a Comment