Wednesday 20 May 2015

လက်နက်ကိုင်ဆောင်မှုစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်

နေပြည်တော်တွင်တရားမ၀င်လက်နက်ကိုင်ဆောင်မှုအတွက် လူငယ်သုံးဦးကို စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်ခိုးယူမှုများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မေလ ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်မှဟုဆိုသော လူငယ်သုံးဦးသည် ဓားစူး၊ ဓားမြောင်များကိုင်ဆောင်၍ စက်မပျက်သည့် ဆိုင်ကယ်ကို စက်ပျက်သည်ဟုဆိုကာ တွန်းလာသဖြင့် လက်နက်ကိုင်ဆောင် မှုဖြင့် တာဝန်ရှိသူများက စစ်ဆေး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ သုံးဦးသည် မေလ ၁၆ ရက် နံနက်အစောပိုင်းတွင် သပြေကုန်းရပ်ရှိ မြေယာရှုခင်း ပန်းခြံအနီးမှ ဆိုင်ကယ်တစ်စီးကို လည်းကောင်း၊ အဆိုပါနေ့ရက်ညဘက်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိရပ်ကွက် စက်မှု အိမ်ရာမှ ဆိုင်ကယ်တစ်စီးကို လည်းကောင်းခိုးယူခဲ့ခြင်းဖြစ်သည်။

‘‘၀န်ထမ်းအိမ်ရာဖြစ်တဲ့ ခရေအိမ်ရာဘက်ကို ၁၈ ရက် မနက် ၃ နာရီခွဲလောက်က လှည့်ကင်းသွားတော့ မသင်္ကာဖွယ်ရာ  လူငယ်သုံးဦး ဆိုင်ကယ်တစ်စီးကို  စက်မပျက်ဘဲ ပျက်ယောင်ဆောင် တွန်းလာလို့ စစ်ဆေးတာမှာ သူတို့သုံးဦးစလုံးဟာ တရားမ၀င်လက်နက်ဖြစ်တဲ့ ဓားစူး၊ ဓားမြောင်တစ် ယောက် တစ်လက်စီ ကိုင်လာတာတွေ့လို့ ဖမ်းပြီး အမှတ်(၅)နယ်မြေရဲစခန်းမှာ တရားမ၀င်လက်နက် ကိုင်ဆောင် မှုနဲ့ အမှုဖွင့်ဖမ်းဆီး လိုက်တာပါ။ အသက် (၂၀) ၀န်း ကျင်တွေပါပဲ’’ဟု ရဲအုပ်ထွန်းလှိုင် က ပြောသည်။

ခိုးယူလာသည့်ဆိုင်ကယ်နှစ်စီးအနက် တစ်စီးကို နေပြည်တော် ဗုဒ္ဓဂယာအနီးရှိ တောထဲတွင် ၀ှက်ထား ကြောင်း ထွက်ဆိုခဲ့သဖြင့် သွားရောက်သိမ်းဆည်းပြီး ပိုင်ရှင်မှန်ဖော်ထုတ်၍ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ လူငယ်သုံးဦးကို တရားမ၀င်လက်နက်ကိုင်ဆောင် မှုအတွက် ပြစ်မှုပုဒ်မ ၁၉ (င)အရ လည်း ကောင်း၊ ဆိုင်ကယ်ခိုးမှု အတွက် ပြစ်မှုပုဒ်မ ၃၈၀/၅၄ နှင့် ပြစ်မှုပုဒ်မ ၃၇၉/၅၄ အရ လည်းကောင်း နေပြည် တော် အမှတ် (၅) နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် တိုင်းရဲတပ်ဖွဲ့ မှူးရုံးစာရင်းအရ ၂၀၁၄ အတွင်း နိုဝင်ဘာလအထိ ဆိုင်ကယ် ၇၅ စီး ခိုးယူခံရပြီး ၃၆ စီးကို ဖော်ထုတ် ဖမ်း ဆီးနိုင်ခဲ့ကြောင်း သိရသည်။ 

7Day DAILY 

No comments:

Post a Comment