Wednesday 20 May 2015

တိုင်းရင်းသားများကြား စိတ်ဝမ်းမကွဲစေရန် တီးတိန်စာပေဖြင့် သတင်းစာထုတ်ဝေခွင့်မပြုဟု ဆို

တိုင်းရင်းသားမျိုးနွယ်စုများကြား စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်လာနိုင်သဖြင့် ချင်းပြည်နယ်အတွင်း၌ တီးတိန် မျိုးနွယ်စု Zolai စာပေဖြင့် သတင်းစာထုတ်ဝေခွင့်မပြုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

‘‘Zolai စာပေတစ်မျိုးတည်းဖြင့် ထုတ်ဝေပါက အခြားသော ချင်းတိုင်းရင်းသားများအပေါ် လျစ်လျူရှုတဲ့ သဘောသက် ရောက်နေပါသဖြင့် တိုင်းရင်းသားမျိုးနွယ်စုများကြား စိတ်ဝမ်းကွဲမှု များဖြစ်ပေါ်လာနိုင် ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က အကြံပြု ချက်ပေးပို့ထားပါတယ်’’ဟု ဦး ပိုက်ထွေးက ဆိုသည်။

Zolai စာပေဖြင့် သတင်း စာထုတ်ဝေလျှင် ပြည်နယ်အ တွင်းရှိ ကျန်တိုင်းရင်းသားမျိုးနွယ် စုများမှာလည်း မိမိတို့နှင့် သက်ဆိုင်ရာစာပေ၊ ဘာသာစကားများနှင့် သတင်းစာထုတ်ဝေရန် တင်ပြလာပါက ချင်းပြည်နယ် ၌ ဘာသာစကားအမျိုးမျိုးဖြင့် သတင်းစာများထုတ်ဝေရန် လိုအပ်လာမည်ဖြစ်၍ ခွင့်မပြုနိုင်ကြောင်း ဦးပိုက်ထွေးက ဆိုသည်။

‘‘ပုံနှိပ်မီဒီယာမှာလည်း တိုင်းရင်းသားဘာသာစကားနဲ့ ခွင့်မပြု ဘူးဆိုရင်တော့ ပုံနှိပ်မီဒီယာလွတ်လပ်ခွင့် ရှိတယ်လို့ ပြောလို့မရဘူး။မီဒီယာလွတ်လပ်ခွင့်နဲ့ ကြည့် လိုက်ရင်လည်း ဒါကမကောင်းဘူး။ တိုင်းရင်းသား တန်းတူရေးနဲ့ ပတ်သက်ပြီးလည်း မကောင်းဘူး။တိုင်းပြည်တစ်ပြည်မှာ ဗမာဘာသာနဲ့ လူတွေကတော့ ထုတ်ခွင့်ရပြီး တိုင်းရင်းသားဘာသာစကားနဲ့တော့ ထုတ်ခွင့်ပိတ်ပင်တာ တော်တော်ကိုဆိုးတယ်။ တိုင်းရင်းသား စည်းရုံးညီညွတ်ရေးပါ ထိခိုက်တယ်’’ဟု နိုင်ငံရေးဆောင်း ပါးများရေးသားသူ သတင်းစာ ဆရာ စည်သူအောင်မြင့်က ပြော ကြားသည်။

ထို့အပြင် တိုင်းရင်းသားဘာသာစကား ပုံနှိပ်ထုတ်ဝေနိုင်ရန် ပုံနှိပ်စက်အနေအထားအရ အနည်းဆုံး လေးမျက်နှာ ထုတ်ဝေရမည်ဖြစ်ပြီး စောင်ရေတစ်သောင်းခွဲအထက်ရှိရန် လိုအပ်သော်လည်း လက်ရှိ ချင်းပြည်နယ်အတွင်း သတင်းစာဖြန့်ချိမှုမှာ မြန်မာ့အလင်းနှင့် ကြေးမုံတစ်ထောင်ကျော်သာရှိသည်ဟု ၎င်းက ဆိုသည်။ မေလ ၁၉ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ချင်းပြည်နယ် မဲဆန္ဒနယ်မှ ဦးနိန်းခင်းပေါင်က ချင်းတိုင်းရင်းသားတီးတိန်ချင်းလူမျိုးနွယ်စု Zolai စာပေဖြင့် သတင်းစာထုတ်ဝေခွင့် ပြုရန် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားဘာသာစကားထုတ်ဝေရန် တိုင်းရင်းသားဘာ သာစကားနားလည်သော သတင်းထောက်များ၊ အယ်ဒီတာများ သတင်းခန်းမ၊ စက်ပစ္စည်းများ စသည့်အရာများလည်း လိုအပ် ကြောင်း ဦးပိုက်ထွေးက ဆိုသည်။တီးတိန်ချင်းစာပေကို အသုံးပြု သော လူဦးရေသည် ချင်းလူမျိုး စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိပြီး အခြားသော မြို့နယ်များတွင်ပျံ့ နှံ့နေထိုင်သည့် လူဦးရေနှင့်ပေါင်းပါက နှစ်သိန်းကျော်ရှိကြောင်း ဦးနိန်းခင်းပေါင် ထံမှ သိရသည်။

7Day DAILY 

No comments:

Post a Comment