Wednesday 20 May 2015

လူကုန်ကူးခံရသူများ အရေး မြန်မာနိုင်ငံ၌ တာဝန်ရှိဟု မလေး ဒုဝန်ကြီးချုပ်ပြော

ဒေသတွင်း နိုင်ငံများ ကြုံတွေ့နေ ရသည့် လူကုန်ကူးခံရသူများ အရေးတွင် မြန်မာနိုင်ငံ၌ တာဝန်ရှိကြောင်း မလေးရှား ဒုတိယ ၀န်ကြီးချုပ် Tan Sri Muhyiddin Yassin က မေလ (၁၈) ရက်နေ့က သတင်းထောက် များကို ပြောကြား လိုက်ကြောင်း Asiaone သတင်းဌာနက ဖော်ပြထားသည်။

မြန်မာအစိုးရရဲ့ တာဝန်ယူမှုကဘာလဲ။ ဒီပြဿနာကို ပြည်တွင်းမှာ ဖြေရှင်းဖို့ လူသားချင်းစာနာ ထောက် ထားမှု အယူအဆတွေ မရှိဘူး လား။ နောက်ဆိုရင် ဒီဝန်ထုပ်ဝန်ပိုးက အာဆီယံနိုင်ငံတွေ ခံစားကြရမှာ ဟု ၎င်းက ထပ်မံ ပြောကြား ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျိနာ ကျွန်းတွင် ကျွန်ပြုခံနေ ရသော ရွှေ့ပြောင်း လုပ်သားများအကြောင်း အေပီသတင်း ဌာနက သတင်း ဆောင်းပါး ဖော်ပြ လိုက်ပြီး နောက်တွင် လူကုန်ကူးမှု ကို ဒေသတွင်း နိုင်ငံများက အာရုံစိုက်လာကြခြင်း ဖြစ် သည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် သတ်ဖြတ် ၍ မြှုပ်နှံထားသော အလောင်းများကို တူးဖော်တွေ့ရှိ ပြီးနောက်တွင် လူကုန်ကူး ခံရသူများ အရေးကို နိုင်ငံတကာမှ အာရုံ စိုက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ လူကုန်ကူးခံ ရွှေ့ပြောင်း အလုပ်သမားများ အရေး အတွက် ထိုင်း နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံတို့ ပါဝင်သည့် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ရန် စီစဉ်နေပြီး၊ ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်ထား သော်လည်း မြန်မာနိုင်ငံ အနေဖြင့် တက်ရောက်မည် မတက်ရောက်မည်ကို အတိအကျ ပြောဆို ထားခြင်း မရှိပေ။

တချို့က မြန်မာနိုင်ငံက လာတယ် လို့ ပြောနေတာ တွေလည်း ရှိပါတယ်။ တချို့ကလည်း ဘင်္ဂလား ဒေရှ့်က လာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ပထမဆုံး အဲဒီ လူတွေ ကို စိစစ်ဖို့ လိုပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက လာတယ် ဆိုတာ လုံလောက်တဲ့ အထောက်အထား ရှိရင် လက်ခံဖို့ အသင့်ပါပဲ။ အင်ဒိုနီးရှားနဲ့ မလေးရှား မှာလည်း ကျွန်တော်တို့ ပြန်ခေါ်ခဲ့တာ ရှိပါတယ်။ ဒုတိယ အချက် ကတော့ ဒီကိစ္စ က လူကုန်ကူးမှု ကိစ္စပါ။ ဒီပြဿနာတွေကို မြန်မာနိုင်ငံ အပေါ် လက်ညှိုး ထိုးမယ့် အစား ဒီကိစ္စတွေ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်း အဖြေရှာရ မှာပါ ဟု ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။ ပင်လယ်မှ တစ်ဆင့် လူကုန်ကူးခံရသူ များကို မြန်မာ့ရေပိုင်နက် အတွင်း မြန်မာ ရေတပ်မတော်က ရှာဖွေမှုများ ပြုလုပ် သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment