Wednesday 20 May 2015

လူအများ၏ ရန်ပြု သတ်ဖြတ်မှုခံရသည့် အမျိုးသမီးကို အကာအကွယ်မပေးသည့် အာဖဂန်ရဲများ ထောင်ဒဏ်ချမှတ်ခံရ

အမျိုးသမီးတစ်ဦးကို လူအုပ်ကြီးက ဝိုင်းဝန်းသတ်ဖြတ်နေချိန်၌ လုံလောက်သော အကာအကွယ်ပေးမှု မရှိခဲ့ဘဲ ဝတ္တရားပျက်ကွက်ခဲ့သည့် အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ကဘူးလ်မြို့ရှိ တရားရုံးတစ်ခုက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

 ဖာခွန်ဒါဟု သတင်းများက အမည်ဖော်ပြသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးသည် မတ်လအတွင်းက ကဘူးလ်မြို့တွင် ဒေါသထွက်နေသည့် လူအများ၏ ရန်ပြု သတ်ဖြတ်မှုကို ခံခဲ့ရသည်။ သူမသည် ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ဖျက်ဆီးသည်ဟု စွပ်စွဲခံရသည့်နောက် လူအများက ဝိုင်းဝန်းသတ်ဖြတ်ကာ သူမ၏ အလောင်းကိုပါ မီးတင်ရှို့ခဲ့သည်။ နောက်ပိုင်း စစ်ချက်များအရ သူမအနေဖြင့် စွပ်စွဲခံရသကဲ့သို့ အစ္စလာမ်မစ် ဘာသာရေး ကျမ်းစာအုပ်ကို ဖျက်ဆီးမှု မရှိခဲ့ကြောင်း ဖော်ထုတ် သိရှိလာရသည်။

ဖာခွန်ဒါ သတ်ဖြတ်ခံရမှုသည် အာဖဂန် လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများအပေါ် အလွန်အကျွံ ဖိနှိပ် ရက်စက်မှုများ ရှိနေသည်ဆိုခြင်းအား ထင်ရှားစွာ ပေါ်လွင်လာစေခဲ့သည်။ ယခုလ အစောပိုင်းက သူမကို  ရန်ပြုသည့် လူအုပ်ကြီးအနက် အဓိကတာဝန်ရှိသည်ဟု စွပ်စွဲခံရသူ ၄ ဦးကို သေဒဏ်များ ချမှတ်ပြီး အခြား ၈ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဖာခွန်ဒါကို လူအများက ဝိုင်းဝန်းရန်ပြုချိန်တွင် အနီး၌ အာဖဂန် ရဲတပ်ဖွဲ့ဝင်များ ရှိနေသော်လည်း တစ်စုံတစ်ရာ ဝင်ရောက်ကူညီ ဖြေရှင်းခြင်း မပြုခဲ့ရာ ယင်းနှင့်ပတ်သက်ပြီးလည်း သီးခြား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မေလ ၁၉ ရက်တွင် ကဘူးလ် တရားရုံးတစ်ခုက တာဝန်ပျက်ကွက်သည့် ရဲဝန်ထမ်း ၁၁ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ပြီး အခြား ၈ ဦးကိုမူ ရာထူးနေရာမှ ဖယ်ရှားခဲ့သည်။

ဖာခွန်ဒါသည် ကဘူးလ်ရှိ သမ္မတ နန်းတော်နှင့် အဓိက ဈေးကြီးတို့အနီးရှိ ရှူဒူရှမ်ရှီရာ ဝတ်ပြုဗိမာန် အနီးတွင် လက်ဖွဲ့အဆောင် ရောင်းချသူ တစ်ဦးနှင့် စကားများခဲ့သည်။ ထို့နောက် လက်ဖွဲ့အဆောင် ရောင်းချသူက ဖာခွန်ဒါသည် ကိုရမ်ကျမ်းစာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အော်ဟစ်စွပ်စွဲရာ လူအများက အဆင်ခြင်မဲ့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆောင်လက်ဖွဲ့ ရောင်းချသူသည် အဆိုပါအမှုအတွက် သေဒဏ် စီရင်ခံရသူ ၄ ဦးတွင် ပါဝင်ခဲ့သည်။

တရားရုံး စစ်ဆေးမှုများတွင် တရားခံ အချို့က မိမိတို့သည် စွပ်စွဲမှုနှင့် ပတ်သက်ပြီး အလွယ်တကူပင် ယုံကြည်ကာ အမျိုးသမီးကို ရန်ပြု တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ အာဖဂန် ရဲတပ်ဖွဲ့မှ စုံထောက်များက ဖာခွန်ဒါသည် ကိုရမ်ကျမ်းစာကို မည်သည့် စော်ကားဖျက်ဆီးမှုမျှ မပြုခဲ့ကြောင်း တရားရုံး စစ်ဆေးမှုများတွင် ထွက်ဆိုထားသည်။

_Ref: BBC

No comments:

Post a Comment