Wednesday 20 May 2015

ဒေသခံတိုင်းရင်းသား ၃၀ ဦးအား UWSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းကာမြို့နယ်သို့ မေလ ၁၇ ရက်နေ့တွင် UWSA အဖွဲ့ ရောက်ရှိလာပြီး ကျေးရွာတစ်ရွာလျှင်လူသစ် ၃ ဦးနှုန်းပေးရန် ပြောကြားသွားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရ သည်။

အဆိုပါအဖွဲ့အနေဖြင့် မိုင်းကာမြို့နယ်သို့ရောက်လာပြီး ကျေးရွာ ၁၀ ရွာမှကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်၍ တစ်ရွာလျှင် လူသစ် ၃ ဦးနှုန်းပေးရန် တောင်းခံသွားကြောင်း အမည်မဖော်လိုသော ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။

“လူသစ်ပေးရမယ်ပြောတယ်၊ တစ်ရွာကို ၃ ယောက်နှုန်းမပေးမနေရပေါ့၊ မပေးရင် ရွာကို ရန်ရှာကြမှာလေ၊ ရွာကလူတွေလည်း ဒုက္ခရောက်ကြတာပေါ့၊ မဲနှိုက်ပြီး သွားရမှာပါပဲ”ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

UWSA အဖွဲ့အနေဖြင့် လူသစ်များလာရောက်စုဆောင်းခြင်းမှာ ပန်ဆိုင်းညီလာခံပြီးနောက် တပ်အင်အား တိုးချဲ့သည့်အနေဖြင့် လူသစ်အမြောက်အမြားစုဆောင်းလာခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“ဒီလိုမျိုးလူသစ်တွေအများကြီးစုတယ်ဆိုတော့ စိုးရိမ်စရာပဲ၊ နယ်မြေမှာ အေးအေးချမ်းချမ်းနေရပါတယ်ဆိုမှ စစ်ပွဲတွေဖြစ်လာရင် နေလို့ထိုင်လို့မကောင်းတော့ဘူး၊ စားရေးသောက်ရေးကအစ ခက်ခဲလာမှာ၊ ဒေသ ဖွံ့ဖြိုးရေး လည်းနောက်ကျနေလိမ့်မယ်”ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

UWSA အဖွဲ့မှ ယခုကဲ့သို့ လူသစ်များစုဆောင်းနေခြင်းမှာ ပန်ဆန်းညီလာခံပြီးနောက် ဝ ကိုပြည်နယ်တစ်ခု အဖြစ် တောင်းဆိုနေခြင်းနဲ့ သက်ဆိုင်နိုင်ကြောင်း၊ ဒေသခံတိုင်းရင်းသားတို့မှာလည်း နယ်မြေမတည်ငြိမ်မှု ဖြစ်ပေါ်မှာကို စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ကျိုင်းတုံမြို့ခံကျောင်းဆရာတစ်ဦးကပြောကြားသွားသည်။

စိုင်းသူရိန်(ကျိုင်းတုံ)
Shan News 

No comments:

Post a Comment