Thursday 8 January 2015

၂၀၁၅ ခုနှစ်အတွင်း နိုင်ငံမတည်ငြိမ်အောင် လုပ်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သမ္မတရုံး ပြောကြား

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါဆုံးအဖြစ် သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်အောင် လုပ်ဆောင်သူများကို ထိထိရောက် ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသွင်ကူးပြောင်းရေး ကာလတွင် ကြုံရလေ့ရှိသော ပြဿနာများအပေါ် အခွင့်ကောင်းယူ၍ တည်ငြိမ်မှု ပျက်ပြားစေရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့က လုပ်ဆောင်နေသည်ကို သိရှိထားပြီး လက်ပံတောင်း စီမံကိန်းကဲ့သို့သော ပြဿနာများမှတစ်ဆင့် ယင်းအဖွဲ့အစည်းများ ဝင်ရောက်လာနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အပြောင်းအလဲကို မအောင်မြင်စေလိုသော၊ ရွေးကောက်ပွဲ နိုင်ငံရေး အခင်းအကျင်းကို မဝင်လိုသော တတိယ အုပ်စုများ အခိုင်အမာ ရှိနေပြီး အဆိုပါအုပ်စုများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်း အချက် အလက်များ ရရှိထားပြီး ဖြစ်ကြောင်း၊ ယင်းတို့သည် အသွင်ကူးပြောင်းစ အသီးအပွင့်ဖြစ်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ခေါင်းစဉ်အောက်မှ ဥပဒေချိုးဖောက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“၂၀၁၅ က အရေးကြီးဆုံးပဲ။ ၂၀၁၅ ကို ပြုံပြီးတော့ လုပ်မယ်လို့ မှန်းထားတယ်” ဟု သမ္မတရုံး တာဝန် ရှိသူက မှတ်ချက်ပြုထားသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်အောင် လုပ်ဆောင်မည့် ပြည်ပ အဖွဲ့အစည်း အချို့ကို ဟန့်တားရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း လွတ်လပ်တဲ့အာရှအသံ (RFA) သို့ ပြောဆို ထားသည်။

တပ်မတော်အစိုးရမှ အသွင်ပြောင်း အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်း အပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး များ ဆောင်ရွက်လာသည်နှင့် တစ်ပြိုင်နက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ၊ တောင်သူ လယ်သမား ပြဿနာများ၊ အစိုးရအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အသက်သေဆုံး ဒဏ်ရာရမှု အများအပြားလည်း ဖြစ်ပွားခဲ့သည်။

ယင်းသို့ ၂၀၁၅ ခုနှစ်အတွင်း မတည်ငြိမ်မှုများ ဖန်တီးမည့် အဖွဲ့အစည်းများကို ကိုင်တွယ်အရေးယူရာတွင် အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ ကြုံတွေ့လာနိုင်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်း ပေါင်းစုံ ပါဝင်နေသည့် အဆိုပါ တတိယအုပ်စုများကို လွှတ်ထားပါက နိုင်ငံဒုက္ခ ရောက်သွားမည် ဖြစ်ကြောင်း အထက်ပါ သမ္မတရုံးအရာရှိက ပြောဆိုသည်။

ယင်းသို့ ပြင်းပြင်းထန်ထန် အရေးယူမည်ဆိုသော သတိပေးသံကို စိုးရိမ်မိကြောင်း၊ သို့သော် အချို့သော ပြဿနာများမှာ အစိုးရနှင့် ဆန္ဒပြလှုပ်ရှားသူများ အကြား ဦးစားပေး ရည်မှန်းချက် မတူ၍ ဖြစ်ရခြင်းဖြစ် ကြောင်း၊ အစိုးရက တည်ငြိမ်မှုကို ဦးစားပေးလိုချိန်တွင် ဆန္ဒပြသူများက ဒီမိုကရေစီ ပန်းတိုင်ကို ဦးစား ပေးခြင်းမျိုးလည်း ဖြစ်တတ်ကြောင်း တက်ကြွလှုပ်ရှားသူ ရှေ့နေတစ်ဦး ဖြစ်သူ ဦးဝင်းချိုက မှတ်ချက်ပြု သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ကမူ အစိုးရက ယင်းသို့ တတိယ အင်အားစုများကို အရေးယူမည်ဆိုသော ပြောဆိုမှုမှာ အစိုးရ တာဝန်သာ ဖြစ်ကြောင်း၊ သတင်းအချက်အလက် အထောက်အထားများမှာ အစိုးရတွင် ယန္တရားရှိထား သဖြင့် သိရှိနိုင်ပြီး NLD အနေဖြင့် ယင်းသို့ သိရှိနိုင်ရန် ခက်ခဲကြောင်း မှတ်ချက်ပြုသည်။

သို့သော် တည်ငြိမ်အေးချမ်းရေးကို အကြောင်းပြ၍ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပပေးရန် တာဝန်ရှိသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကို ကျင်းပနိုင်ခြင်းမရှိဘဲ နောက်ကြောင်း ပြန်လှည့်ခြင်းမျိုး ကိုမူ မလိုလားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment