Thursday 8 January 2015

၂၀၁၄ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၂၁၆ ကြိမ်ဖြစ်ပွား ရှို့မီး ၂၂ ကြိမ်ပါဝင်

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်တွင် မီးလောင်ကျွမ်းမှု ၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှို့မီး ၂၂ ကြိမ်နှင့် တောမီးလောင်ခြင်း ခြောက်ကြိမ်ပါဝင်သည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှတ်တမ်းအရ သိရသည်။ ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၉၂,၉၉၈,၃၀၀ (သိန်း ၂,၀၀၀ ခန့်) ရှိသည်။

“မီးလောင်မှု အဖြစ်အများဆုံးက ပေါ့ဆမီးကြောင့်ပဲ။ ဒုတိယကတော့ လျှပ်စစ်မီးကြောင့်ပါ။ တောမီးတို့၊ ဘာတို့လည်း ရှိတာပေါ့ဗျာ” ဟု တိုင်းမီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း တစ်လလျှင် အနည်းဆုံး ၁၁ ကြိမ်မှ အများဆုံး ၄၂ ကြိမ်အထိ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ဧပြီလတွင် မီးအများဆုံး လောင်ကျွမ်းခဲ့ပြီး ၄၂ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း မီးဘေး ကြောင့် နေအိမ်၂၅၉ လုံး၊ စက်ရုံတစ်ရုံ၊ ဂိုဒေါင် ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူခြောက်ဦးနှင့် တိရစ္ဆာန် ၁,၇၂၂ကောင် သေဆုံးခဲ့ရကာ ဒဏ်ရာရသူ ၃၀ ဦးနှင့် ဒုက္ခသည် ၇၄၅ ဦးထိ ရှိခဲ့သည်ဟု နှစ်ချုပ်စာရင်း တွင် ဖော်ပြထားသည်။

ဇန်န၀ါရီ ၁ ရက်တွင် မဟာအောင်မြေမြို့နယ်၊ ညောင်ဦးမြို့နယ်တို့၌ မီးလောင်မှု တစ်ကြိမ်စီ၊ ဇန်န၀ါရီ ၃ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၌ လည်းကောင်း၊ ဇန်န၀ါရီ ၄ ရက်တွင် မိတ္ထီလာမြို့နယ်နှင့် ရမည်းသင်း မြို့နယ်တို့တွင် လည်းကောင်း မီးလောင်မှုတစ်ကြိမ်စီ ဖြစ်ပွားခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment