Thursday 8 January 2015

အခြေခံ လစာ နည်းပါးမှုကြောင့် Yess သကြားလုံး စက်ရုံ လုပ်သားများ စက်ရုံဝင်ပေါက် ပိတ်ဆို့ ဆန္ဒပြ

အလုပ်သမား တစ်ဦးအတွက် သတ်မှတ် ထားသည့် အခြေခံ လစာ နည်းပါးမှုကြောင့် လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် (၄)၊ ပြင်စည် မင်းသားကြီး လမ်းရှိ Yess သကြားလုံး စက်ရုံ အလုပ်သမား (၂၀၀) ခန့်သည် ယမန်နေ့က Yess သကြားလုံး စက်ရုံ၏ ၀င်ပေါက်အား ပိတ်ဆို့ ဆန္ဒပြ တောင်းဆို ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုခြင်း မတိုင်မီ လှိုင်သာယာ အလုပ်သမားရုံးသို့ အခြေခံ လစာ နည်းပါးမှုကို တင်ပြ တိုင်ကြား ခဲ့သော်လည်း လုပ်ငန်းရှင်မှ လာရောက် ဖြေရှင်းမှု မရှိ သောကြောင့် ဆန္ဒပြ တောင်းဆို ရခြင်း ဖြစ်ကြောင်း Yess သကြားလုံး စက်ရုံ အလုပ်သမား သမဂ္ဂ အတွင်းရေးမှူး ဦးဝေဖြိုးမောင်က The Messenger Media သို့ ပြောသည်။ စက်ရုံတွေ ထဲမှာ ဒီစက်ရုံက လစာ အနည်းဆုံးပဲ၊ အလုပ်ရှင်နဲ့ ညှိတာ လုံးဝ လစာ မတိုးပေးဘူး၊ အဲဒါကြောင့် စက်ရုံကို ပိတ်ဆို့ ဆန္ဒပြတာ။ အလုပ်သမားတွေက စက်ရုံ အဆောင်မှာ နေတဲ့ သူများလို့ အဆင်မပြေရင် စက်ရုံရှေ့မှာ ညအိပ်ပြီး တောင်းဆို သွားမယ် ဟု ၎င်းကပြောသည်။

ဆန္ဒပြ တောင်းဆိုသည့် Yess သကြားလုံး စက်ရုံ အလုပ်သမား (၂၀၀) ခန့်တွင် လုပ်သက်ရင့် အလုပ် သမား လစာ ပေးချေမှုနှင့် လုပ်သက်နု အလုပ်သမား လစာပေးချေမှု ဟူ၍ နှစ်မျိုး နှစ်စား ခွဲခြား ထားပြီး၊ အလုပ်သမား များမှ လစာပေးချေမှု ပုံစံ တစ်မျိုး တည်းသာ သတ်မှတ်ပေးရန် လိုလားကြောင်း သိရသည်။ Yess စက်ရုံ၌ လုပ်သားသစ် လုပ်သက် သုံးနှစ်ရှိ အလုပ်သမား များသည် တစ်လလျှင် အခြေခံ လစာ တစ်သောင်း ခုနှစ်ထောင်သာ ရရှိပြီး၊ လုပ်သက် သုံးနှစ်မှ (၁၂) နှစ် အထိရှိ အလုပ်သမား များသည် အခြေခံ လစာ သုံးသောင်းသာ ရရှိကြောင်း သိရသည်။

ထို့ကြောင့် Yess စက်ရုံ အလုပ်သမား တစ်ဦးသည် အခြေခံ လစာ၊ ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ အချိန်ပို လုပ်ခ စုစုပေါင်း တစ်လတာ ၀င်ငွေသည် ငွေကျပ် ခုနှစ်သောင်း မှ ငွေကျပ် တစ်သိန်းထိသာ ရရှိကြောင်း သိရသည်။ ထို့ပြင် Yess စက်ရုံမှ အလုပ်သမား များသည် စက်ရုံ အဆောင် စရိတ်နှင့် နံနက်၊ နေ့ခင်း၊ ညစားသောက် စရိတ် တစ်လလျှင် စက်ရုံသို့ နှစ်သောင်း တစ်ထောင့် ငါးရာ ပြန်လည် ပေးသွင်း ရကြောင်း သိရသည်။

အလုပ်သမားတွေနဲ့ ညှိပြီး စက်ရုံကနေ တိုးပေးနိုင်တဲ့ ပမာဏကို ပြောပါတယ်၊ ဒါပေမဲ့ အလုပ်သမားတွေ တောင်း ဆိုတဲ့ ပမာဏများ နေလို့ မဆုံး ဖြတ်သေးဘူး။ လုပ်ငန်းကား အ၀င်အထွက်တွေ ရှိလို့ ၀င်ပေါက် ပိတ်ဆို့တာ တွေကို မလုပ်သင့်ဘူး ဟု Yess သကြားလုံး စက်ရုံ မန်နေဂျာ ဦးစိုးအောင် က The Messenger Media သို့ ပြောသည်။ Yess သကြားလုံး စက်ရုံသည် ၂၀၁၀ ခုနှစ်တွင် အချိန်ပို လုပ်ခလစာ သတ်မှတ်ပေးရန် အတွက် ဆန္ဒ ဖော်ထုတ်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခုအကြိမ် ဆန္ဒပြ တောင်းဆိုမှုသည် စက်ရုံ သက်တမ်းတွင် ဒုတိယအကြိမ် ဖြစ်သည်။

Messenger News Journal 

No comments:

Post a Comment