Thursday 8 January 2015

ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏သား ဦးဖြိုးဝေဝင်းနှင့် တွေ့ဆုံခြင်း

““ ပစ်ခတ်သွားတဲ့ကိစ္စတွေ၊ အာဏာသိမ်းတဲ့ကိစ္စတွေ၊ စီးပွားရေးနိမ့်ကျသွားတဲ့ ကိစ္စတွေကို အကောင်း အဆိုး၊ အကြောင်းအကျိုးအမှန်ကို အမှန်အတိုင်း အားလုံး ဝေဖန်နိုင်ပါတယ်။

ဒါပေမဲ့ လာဘ်စားတာတို့၊ ခိုးတာတို့ စတဲ့ တကယ်မလုပ်ခဲ့တဲ့ ကိစ္စတွေကို လုပ်ပါတယ်လို့တော့ မပြောစေ ချင်ပါဘူး “”

===========================================

“”ဂျာမနီအခြေစိုက် Wintershell ရေနံကုမ္ပဏီတွင် အကြီးတန်း ဘူမိရူပရေနံအရာရှိ (Senior Petrophysicist)အဖြစ် တာဝန်ထမ်းဆောင်နေပြီး ယခုအခါ မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ပြန်လည်ရောက်ရှိနေသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ(ဟောင်း)၊ မြန်မာနိုင်ငံကို ၂၆နှစ်တာ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်း၏သား ဦးဖြိုးဝေဝင်းကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ သီးသန့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။””

===========================================

မေး။ ။ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ခုနှစ်မှာ အာဏာသိမ်းလိုက် တဲ့အတွက် မြန်မာနိုင်ငံဟာ နှစ်ပေါင်း များစွာ စစ်အာဏာ ရှင်စနစ်နဲ့ နေထိုင်ခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဒီမိုကရေစီ စနစ် ချုပ်ငြိမ်းသွားခဲ့ရ တယ်လို့ ဝေဖန်မှုတွေ အစဉ်တစိုက် ရှိခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့သား တစ်ယောက် အနေနဲ့ ဘယ်လိုမှတ်ချက်မျိုး ပေးချင်ပါသလဲ။

ဖြေ။ ။ဒီကိစ္စက ပြောရရင်တော့ အတော်လေးရှည်ပါတယ်။ ဒါပေမဲ့ Shot to the Point ပဲပြောပါ့မယ်။ ခင်ဗျားလည်း သိမှာပါ။ ၁၉၅၈ခုနှစ်လောက်ကပဲ စပြောရမှာပေါ့။ အဲဒီနှစ်မှာ အိမ်စောင့်အစိုးရ ဖြစ်ခဲ့ ရတယ်။ အဲဒီခေတ်က ဒီမိုကရေစီအစိုးရနဲ့ မနိုင်တော့ဘူး။ ဦးနုကိုယ်တိုင်ကလည်း သိမ်းပါဆိုပြီး အပ်ပါ တယ်။ ကျွန်တော်သိသလောက်က ၁၉၅၈ ခုနှစ်ကနေ ၁၉၆ဝပြည့်နှစ်အထိပေါ့။ ၁၉၆ဝ ပြည့်နှစ် မှာတော့ ပြန်ပေးခဲ့တယ်။ ဒါက ကျွန်တော့်အမြင်ကိုပြော တာပါ။ ၁၉၆၂ခုနှစ်မှာ Corruption ကြောင့်လို့လည်းပြော လို့ရတယ်။ တစ်ဖက်ကလည်း အစိုးရကလည်း မနိုင်တော့ လို့ မလွှဲမရှောင်သာဘဲ မသိမ်းမဖြစ်လို့ အာဏာ သိမ်းလိုက် ရတယ်လို့ပဲ ကျွန်တော့်အဖေကို အဲဒီလိုပဲ မြင်ပါတယ်။ ဒါပေမဲ့ သိမ်းချင်လားဆို မသိမ်းချင် ပါဘူး။ ရှင်းရှင်းပြောရ ရင် သူခိုင်းခဲ့တဲ့လူတွေကို ကျွန်တော်မေးကြည့်တယ်။ အဲဒီ နေ့က သူမျက်ရည်ကျ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်း ပြည်တစ်ပြည်မှာ စစ်တပ်ဆိုတာ အစိုးရမလုပ်ရဘူး။ စစ် တပ်ဆိုတာ အစိုးရအောက်မှာပဲနေရမယ်။ လွတ်လပ်ရေး ရတဲ့အချိန်ကစပြီး တိုင်းရင်းသားတပ်တွေကလည်း တော ခို၊ ကွန်မြူနစ်တပ်ကလည်းတောခို၊ အဲဒီအချိန်မှာ ဦးနုကို သစ္စာရှိရှိနဲ့ကျန်ခဲ့တဲ့ တပ်ရင်းက သုံး၊ လေးရင်းပဲ ကျန်တော့ တယ်။ အဲဒါကလည်း ကျွန်တော့်အဖေကြောင့် ကျန်ခဲ့ရ တာပါ။ အင်္ဂလိပ်သံရုံးက စာပို့တဲ့ သဝဏ်လွှာရှိပါတယ်။ ဗမာပြည် အဲဒီအချိန်မပြိုကွဲတာ ဦးနေဝင်းတစ်ယောက် တည်းကြောင့် မပြိုကွဲတာ။ ဦးနုကို သစ္စာရှိရှိနဲ့လုပ်ခဲ့တာ သူတစ်ယောက်ပဲရှိပါတယ်။ ဒါတွေကသမိုင်းဝင်ပါ။ အဲဒီ တုန်းက အခြေ အနေနဲ့ ပတ်သက်ပြီး သမိုင်းသုတေသီ စာ ရေးဆရာ ရောဘတ်တေလာကလည်း စာအုပ်တစ်အုပ်ရေး နေပါတယ်။ အဲဒီစာအုပ်အတွက် လိုအပ်တဲ့ အချက်အလက် တွေကိုလည်း ကျွန်တော် ကူညီပေးထားတယ်။ သိပ်မကြာ ခင် အဲဒီစာအုပ်ထွက်လာမှာပါ။ ၁၉၆၂ခုနှစ်က အခြေအ နေကို အဲဒီခေတ်က မျက်စိနဲ့ကြည့်ရင် တော့ မှန်တာပေါ့ ဗျာ။ တစ်ကမ္ဘာလုံးကလည်း ဆိုရှယ်လစ်သွားနေတော့။ အခုခေတ်မျက်စိနဲ့ကြည့်ရင်တော့ အဲဒါက မှားတာပေါ့။ အဲဒါသာမလုပ်ခဲ့ရင် တိုင်းပြည်လည်း ပြိုကွဲသွားတော့မယ်။

မေး။ ။ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီအစိုးရလက်ထက်မှာ ကျောင်းသား သမဂ္ဂအဆောက် အအုံ ဗုံးခွဲခံရတာနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ အဓိကတာဝန် ရှိတယ်လို့ အန်ကယ် ထင်ပါသလဲ။

ဖြေ။ ။ကျွန်တော်အဲဒီတုန်းက ရှစ်နှစ်ပါ။ ဒါကြောင့် သိပ်တော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အဖေနဲ့ ပြောတဲ့ စကားထဲမှာ ကြားဖူးတာတော့ သူအမိန့်မပေးဘူး။ ဒါပေမဲ့ ကျောင်းသား သမဂ္ဂလည်း ကွန်မြူနစ်တော်တော် များတယ်၊ ဘာညာဆို တော့ တပ်ကလည်း သိပ်မကျေနပ်ဘူး။ အဲဒီအချိန်မှာ ဒီ လိုဖြိုခွဲလိုက်တာကို ကျွန်တော်သိသလောက်တော့ ကျွန်တော့် အဖေ အမိန့်မပေးဘူး။ ဒါပေမဲ့ နောက်ဆုံးကျတော့ ခေါင်း ဆောင်တစ်ယောက်အနေနဲ့ တာဝန်အရှိဆုံးက ကျွန်တော့် အဖေပဲ ပြောရမှာပေါ့ဗျာ။ ဗိုလ်ချုပ် အောင်ကြီး ကတော့ ကျွန်တော့်အဖေပေါ်မှာ တကယ်သစ္စာရှိပါတယ်။ သဘောထား မတိုက်ဆိုင်လို့ ထွက်သွားပေမယ့် လည်း နောက်ဆုံးအချိန် အထိ ကျွန်တော့်အဖေအပေါ်မှာ သစ္စာရှိပါတယ်။ ဒီနေ ရာမှာ တပ်က သူတို့ ဘာသာ သူတို့ တော်လှန်ရေးအတူတူ လုပ်ခဲ့တယ်ဆိုပေမယ့် တစ်ဖက်က ဆိုရှယ်လစ်၊ တစ်ဖက် က ကွန်မြူနစ်၊ တစ်ဖက်က အရင်းရှင် အဲဒီလိုဖြစ်နေတော့ တစ်ယောက်နဲ့ တစ်ယောက် သဘောထားကွဲခဲ့ ရတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ကြီးက သူ့စိတ်ကူးနဲ့ သူ လုပ်သွားတာ တော်တော်များမယ်လို့ ကျွန်တော်မြင် တယ်။ သူ ကျွန်တော့်အဖေအပေါ် မကောင်းစော်ကားတာ တော့ မဟုတ်ဘူး။ အင်မတန် သစ္စာရှိတဲ့ လူတစ်ယောက် ပဲဆိုပါတော့။

မေး။ ။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီအစည်း အဝေးတစ်ခုမှာ သမ္မတကြီးဦးနေဝင်းက စီးပွားရေးပြုပြင် ပြောင်းလဲရေးလုပ်ဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့တဲ့အကြောင်း ကျွန်တော်တို့ ဖတ်မှတ်ဖူး ပါတယ်။ အဲဒီကိစ္စ ဘာကြောင့် မအောင်မမြင်ဖြစ်ခဲ့ရတယ်လို့ အန်ကယ်ထင်ပါသလဲ။

ဖြေ။ ။ကျွန်တော် သိသလောက်ကတော့ ကျွန်တော့်အဖေ ရဲ့ နောက်ဆုံးမူဝါဒတစ်ခုက မြန်မာပြည်ကြီး သည် မြန်မာ ပြည်သူတွေရဲ့လက်ထဲမှာပဲရှိရမယ်။ သယံဇာတအားလုံး မြန်မာပြည်ထဲမှာပဲ ကျန်ခဲ့ရမယ်ဆို တဲ့ မူဝါဒရှိတယ်ပေါ့ နော်။ ဒါကြောင့် စုဗူးကြီးလိုပဲ ကိုယ့်အိမ်က စုဗူးတစ်ခုလို ပဲစုမယ်။ ဒါပေမဲ့ ကမ္ဘာ့ စီးပွားရေးမျက်စိနဲ့ကြည့်တော့ ဒါက မဆီလျော်သလောက်ဖြစ်နေတယ်။ အဲဒီလိုပဲ သူ တိုင်းပြည် ကို အုပ်ချုပ် သွား တယ်။ ပြည်သူပိုင်သိမ်းတာ၊ ဆိုရှယ်လစ် သိမ်းတာ အဲဒါတွေဖြစ်သွားတာက အဓိက ကျွန်တော့်အဖေ ပဲ။ ကျွန်တော်သိသလောက် တရုတ်ပြည်က ဝန်ကြီးချုပ် ချူအင်လိုင်း၊ ရုရှားက သူတို့ခေါင်းဆောင် ခရုရှက် တို့က လည်း ကျွန်တော့်အဖေကို ဆိုရှယ်လစ်လမ်းစဉ် အဲဒီလောက် အမြန်ကြီးမသွားပါနဲ့။ အစိုးရတွေ ပျက်စီးသွားမယ်၊ ဘာညာဆိုတော့ အဲဒီအချိန်မှာပြောင်းမယ်ဆိုတဲ့အသံကို ကျွန်တော် ကြားတော့ကြားဖူး တယ်။ ဒါပေမဲ့ အသေအချာ အတိ အကျတော့ မသိဘူး။

မေး။ ။၁၉၈၈ခုနှစ်အရေးအခင်းကာလမှာ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး လို့ပြောဆိုခဲ့တဲ့ ဦးနေဝင်းရဲ့ပြောစကားကြောင့် သူ့ကိုစစ်တပ်ကို ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေသူ၊ စစ်တပ် ကိုပြည်သူတွေမုန်းတီးသွားအောင်လုပ်ခဲ့သူ စသဖြင့် ပြော ဆိုစွပ်စွဲနေ တာနဲ့ ပတ်သက်ပြီး သားတစ်ယောက်အနေနဲ့ ဘယ် လိုများပြောချင်ပါသလဲ။

ဖြေ။ ။အဲဒီစကားနဲ့ပတ်သက်ပြီး နာဂစ်တုန်းကလည်း RFA နဲ့ ကျွန်တော်ပြောဖူးပါတယ်။ အဲဒါ ကျွန်တော် ဗိုလ်ချုပ်မှူး ကြီးကို မေတ္တာရပ်ခံတာပေါ့လေ။ အောက်က လူကတော့ လိမ်မှာပဲ။ သစ္စာမရှိလို့လည်း မဟုတ်ဘူး။ မချစ်လို့လည်း မဟုတ်ဘူး။ ဒါပေမဲ့လိမ်မှာပဲ။ ဒီကိစ္စမှာ ဒီလောက်အထိ အခြေအနေ ဖြစ်သွားခဲ့ ရတာကလည်း အောက်ကလူတွေ ကပြောတာက စက်မှုတက္ကသိုလ်ရှေ့မှာ အရပ်သားနဲ့ ရန် ဖြစ်တဲ့အချိန် မှာ ဘာညာဘာညာဆိုတော့ အရပ်သားတွေ ဆိုးလို့၊ သောင်းကျန်းလို့လုပ်ရတာပါလို့ ပြောတာပေါ့လေ။ အဲဒီအချိန်မှာ သူကလည်း တော်တော်စိတ်ဆိုးနေတဲ့အချိန် မှာ သိပ်နားကြားမှားသွားတယ်လို့ပဲ ပြောရမှာပေါ့လေ။ သူပြောတဲ့စကားက စိတ်တိုတာလည်းပါတယ်။ စေတနာ မရှိလို့ ပြောတာမဟုတ်ဘူး။ သူပြောချင်တာက လူလူချင်း တစ်ဖက်ကလုပ်နေတဲ့ဟာကို ထိန်းရမယ်လို့ အဲဒါကို သူ ပြောတာပါ။ အဲဒါကလည်း အခုမှဖြစ်လာတဲ့ကိစ္စမဟုတ် ဘူး။ ၆ဝ ပြည့်နှစ်တွေကတည်းက ဖြစ်လာတဲ့ကိစ္စဆိုတော့ တောက်လျှောက် အဲဒီလိုပဲ သူ့ကိုသတင်းပေးတဲ့လူတွေက လည်း အမှားအယွင်းတွေပဲပေးတာများတော့ ဒါကိုမှီပြီး သူပြောခဲ့တာပဲ။ အဲဒီအချိန်မှာပဲ ပိုင်ရှင်အစစ်ဆီပြန်သွား သင့်ပြီထင်ပါတယ်လို့ သူပြောခဲ့တာ တိုက်တွန်းခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်ဆိုတဲ့ စကားက တော့ သိပ်လွန်သွားတယ်။

မေး။ ။ လက်ရှိ ဦးနေဝင်းရဲ့မျိုးဆက်တွေက AGD ဘဏ်ရဲ့ ရှယ် ယာတွေကို ဝယ်ယူနေတာတွေ၊ AD ခြံဝင်းထဲမှာ ဟိုတယ် ဆောက်လုပ်နေမှုတွေဟာ ဦးနေဝင်းအာဏာရှိစဉ်က အဂတိ လိုက်စားမှုက ရလာတဲ့ငွေကြေးတွေနဲ့လို့ ပြောဆိုဝေဖန် နေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အန်ကယ့်အနေ နဲ့ ဘယ်လိုမှတ်ချက်မျိုး ပေးချင်ပါသလဲ။

ဖြေ။ ။ဒီကိစ္စကို ကျွန်တော် အပြောချင်ဆုံးအကြောင်းပါပဲ။ခင်ဗျားမေးခွန်းထဲမှာ ကျွန်တော့်တူတွေ (အေးနေဝင်း၊ ဇွဲ နေဝင်း)တို့လုပ်နေတဲ့ကိစ္စကို ကျွန်တော်ဘာမှမပြောချင်ပါ ဘူး။ ကိုယ့်တူတွေမို့ ချစ်ခင်တာ၊ ရင်းနှီးတာတစ်ပိုင်းပေါ့ လေ။ ဒါပေမဲ့ သူတို့လုပ်တာ ဘာဖြစ်မယ်ဆိုတာတော့ ကျွန် တော်ဝေဖန်လို့မရဘူး။ ပြောလို့မရဘူး။ ကျွန်တော့်အပိုင်း ကျွန်တော်ပြောရရင်တော့ ကျွန်တော်လုပ်ကိုင်နေတာတွေ အားလုံးကို ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ သိပါတယ်။ ကျွန်တော် ရေနံလောကမှာ အနှစ် ၃ဝ ကျော်ရှိပြီ။ အင်ဒို နီးရှားတောထဲမှာလည်း လုပ်ခဲ့တယ်။ မြန်မာပြည်မှာဆို ရင်လည်း လက်ပံတို၊ မန်း၊ ထောက်ရှာပင် နယ်စုံပဲ။ အဲဒီ နေရာတွေမှာ ကျွန်တော် တကယ်လုပ်ခဲ့တာပါ။ အခုလည်း ကျွန်တော်လုပ်တုန်းပဲ။ ဆိုက်ဘေးရီးယားဘက်မှာ ကျွန် တော်လုပ်နေတယ်။ ကျွန်တော်သာ ပစ္စည်းတွေ၊ ငွေကြေး တွေယူထားတယ်ဆိုရင် အဲဒီအလုပ်တွေလုပ်နေမှာမဟုတ် ဘူး။ ဒါတွေဟာ ကျွန်တော့်ဘဝကို သက်သေပြနေတာပဲ။ လူဆိုတာက ခေါင်းပေါ်မှာ ပုံဆိုးကြီးတစ်ခုတပ်ထားပြီဆို ရင် ပြောင်းဖို့တော်တော်ခက်တယ်။ ကျွန်တော်ပြောနေတာ ကို လက်ခံတဲ့လူလည်းရှိသလို လက်မခံတဲ့လူလည်းရှိမှာ ပဲ။ လက်ခံဖို့မခံဖို့လည်း မလိုပါဘူး။ လက်မခံတဲ့လူလည်း များမယ်ထင်တယ်။ ကျွန်တော့်ဘက်က ကျွန်တော်ပြောချင် တာက ပစ်ခတ်သွားတဲ့ကိစ္စတွေ၊ အာဏာသိမ်းတဲ့ကိစ္စတွေ၊ စီးပွားရေးနိမ့်ကျသွားတဲ့ ကိစ္စတွေကို အကောင်းအဆိုး၊ အကြောင်းအကျိုး အမှန်ကိုအမှန်အတိုင်း အားလုံးဝေဖန် နိုင်ပါတယ်။ ဒါပေမဲ့ လာဘ်စားတာတို့၊ ခိုးတာတို့စတဲ့ တကယ်မလုပ်ခဲ့တဲ့ကိစ္စတွေကို လုပ်ပါတယ်လို့တော့မပြော စေချင်ပါဘူး။ အခုပြောနေ၊ ရေးနေကြတဲ့ တချို့ကိစ္စတွေ ဟာ လုံးဝမဟုတ်မမှန်တဲ့ အကြောင်းအရာတွေ ဖြစ်နေ တယ်။ အဲဒီအတွက် စိတ်မကောင်းပါဘူး။ အဖေက သူ့နား က လူတွေလည်း အဲဒီလိုမလုပ်ဖို့ အမြဲစီမံခဲ့တဲ့ လူတစ် ယောက်ပါ။

မေး။ ။ဦးနေဝင်းမိသားစုကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးထောင် ချလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး(ဟောင်း) ဦးသန်းရွှေကို ဘယ်လို မှတ်ချက်စကားပေးချင်ပါသလဲ။

ဖြေ။ ။တပ်မတော်မှာ ကျွန်တော်သိသလောက်က ကျွေး အဖေရှိတယ်၊ မွေးအဖေရှိတယ်။ မွေးအဖေက ကိုယ့်အဖေ ရင်းပေါ့။ ကျွေးအဖေဆိုတာက ကိုယ့်ကိုစောင်မကြည့်ရှုခဲ့ တဲ့ ကိုယ့်ထက်ရာထူးကြီးတဲ့လူပေါ့။ ဗိုလ်ချုပ်ကြီးစောမောင် ကအစ ကျွန်တော့်အဖေဟာ သူတို့ရဲ့ ကျွေးအဖေဖြစ်ခဲ့ တယ်။ ကျွန်တော့်အဖေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆ ရာအရင်း မဟုတ်ပါဘူး။ သူကလည်း တပည့်အရင်းမဟုတ် ခဲ့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ် အတူလုပ်ခဲ့ တာပဲရှိတယ်။ ကျွန်တော့်အဖေကို အဲဒီတုန်းက အကုန်လုံး ကြောက်တယ်ဗျာ။ ခုအချိန် သက်ရှိထင်ရှားရှိရင် ကြောက် ရင် ကြောက်နေကြဦးမှာ။ ကျွန်တော်ထင်ပါတယ်။ သူ မျက်မုန်းကျိုးတာကလည်း ကျွန်တော့်မိသားစုလုပ်တဲ့ ကိစ္စ တွေကြောင့်လို့ပဲ ထင်ပါတယ်။ သူတို့လည်း မလုပ်ချင်ပါ ဘူး။ မလွှဲမရှောင်သာလို့ လုပ်တယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော့်အဖေပဲဗျာ အဲဒီလိုတော့ မဖြစ်စေချင်ဘူးပေါ့။ ကျွန်တော့်အဖေဟာ သူ့ရဲ့အဖေစာရင်းထဲမှာ တော့ ပါလိမ့် မယ်။ ဒါပေမဲ့ သူရဲ့ ကျွေးအဖေအရင်းလောက်တော့ မဟုတ် ပါဘူး။ ကျွန်တော့်အဖေ အငြိမ်းစားယူပြီး အေးအေးဆေး ဆေးနေတဲ့အချိန်မှာ ဆေးကအစ၊ သူနာပြုကအစ အစစ အရာရာ သူတို့ကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အလုပ် ခံရတဲ့ကိစ္စကတော့ ကျွန်တော့်တူကို မေးမှပဲရမယ်။ ကာယ ကံရှင်ကို မေးမှပဲရမယ်။
==========================================

မင်းညီ - တွေ့ဆုံမေးမြန်းသည်။
Yangon Media Group  

ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment