Thursday 8 January 2015

တစ်ကျော့ပြန် ဖုန်ကြားရှင် နောက်မှာ ဘယ်သူရှိမလဲ ?

နှစ်အတန်ကြာ ထွက်ပြေးတိမ်းရှောင်နေသော ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် အနေဖြင့် မကြာမီ ရက်ပိုင်းက အစိုးရတပ်အား ပြန်လည်ခုခံရန်ပြန်လာမည်ဟု တရုတ်အစိုးရ၏ အာဘော် များအား မကြာခဏဖော်ပြ လေ့ရှိသည့် Global Times တရုတ်သတင်းစာနှင့် ပြုလုပ်သည့် Interview တစ်ခုတွင်ပြောကြားခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ထွက်ပြေး တိမ်းရှောင်ကာ မထင်မရှားဘ၀ဖြင့် နေလာခဲ့သူဖြစ်ပါသည်။ သို့သော် ထွက်ပြေးတိမ်းရှောင် နေရသောဘ၀ ၅ နှစ်တာ ကာလအလွန်တွင် အစိုးရတပ်အား ခုခံတိုက်ခိုက်တော့မည်ဟု လေသံပစ် လိုက်ပုံက သံသယဖြစ်စရာ အကြောင်းတရား များစွာရှိနေပါသည်။

ဖုန်ကြားရှင်သည် ယခင်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲထားခဲ့သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်နှောင်းပိုင်းကာလက လောက်ကိုင်ဒေသတွင် လက်နက်စက်ရုံ များ၊ မူးယစ်ဆေးဝါးစက်ရုံများ တည်ထောင်ခဲ့ပြီး မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးခဲ့ယုံသာမက ဒေသခံရဲတပ်ဖွဲ့ များကိုပါ ခေါ်ယူ၍ ရက်စက်စွာသတ်ဖြတ် ခဲ့ခြင်းများကြောင့် တပ်မတော်မှ တိုက်ထုတ်နှိမ်နင်းခဲ့ရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သူ တစ်ဦးဖြစ်ကြောင်းသိရသည်။ 

ထို့ပြင် ဖုန်ကြားရှင်သည် ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်ဟု နာမည်တပ်ထားသော်လည်း အမှန်တကယ်တွင်မူ သူသည်ဘိန်းဘုရင်တစ်ဦးသာဖြစ်ပါသည်။ ကိုးကန့်ဒေသကို သူအုပ်ချုပ်စဉ် ကတည်းက အစိုးရကို ဗကပနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။ ဘိန်းစိုက်ပြီး စီးပွားရှာသည်၊ မူးယစ် ဆေးဝါး ရောင်းဝယ်ထုတ်လုပ်သည်။ ဤနည်းဖြင့် ဖုန်ကြားရှင် ဘိန်း ဘုရင်အဖြစ် ကျော်ဇောလာပြီး UWSA `၀´ ခေါင်းဆောင်များနည်းတူ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ဆုကြေးထုတ်ကာ ဖမ်းဝရမ်း ထုတ်ထား ခံရသူဖြစ်ပါသည်။ ကိုးကန့်ဒေသခံပြည်သူများသည် မူးယစ်ဆေးဒုက္ခနွံထဲမှ ရုန်းမထွက်နိုင် ဖြစ်နေရပြီး ဖုန်ကြားရှင်ကမူ မူးယစ်ဆေးဝါးဖြင့် ကြွယ်ဝချမ်းသာကာ ကိုးကန့်ဘိန်းဘုရင်ဟုပင် တင်စား ခေါ်ဝေါ်ခြင်း ခံခဲ့ရသူဖြစ်ပါသည်။

သူ့အနေဖြင့် လက်နက်အင်အားဖြည့်တင်းပြီး ကိုးကန့်ဒေသကိုပြန်လာခဲ့လျှင် သူ့အတွက်အားကိုးစရာ ကလည်း ရှိနေပြန်ပါ သည်။ သူ့သားမက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ စိုင်းလင်းပင် ဖြစ်ပါသည်။စိုင်းလင်း ဆိုတာကလည်း မိုင်းလားနယ်မြေမှာ ကာစီနိုလောင်းကစားရုံများ တရားမ၀င်ဖွင့်လှစ်ပြီး စီးပွားရှာနေသူ၊ တစ်နည်းအားဖြင့် တရုတ်အားကိုးနဲ့ မြန်မာနိုင်ငံတွင် လောင်းကစားရုံများတည်ထောင်ပြီး မူးယစ်ဆေးရောင်းဝယ် ဖောက်ကားရာ ဈေးကွက် တစ်ခုအဖြစ် စီးပွားရေးတောင့်တင်းလာသူဖြစ်သည်။ 

ထို့ကြောင့် ယောက္ခမဖြစ်သူ ဖုန်ကြားရှင်၏ တစ်ကျော့ပြန်ခရီးတွင် သားမက်ဖြစ်သူ စိုင်းလင်း၏ ပံ့ပိုးမှု ကလည်း အဓိက ကျနေ ပြန်ပါသည်။ စိုင်းလင်းအနေဖြင့် မိုင်းလားနယ်မြေမှာ ဖုန်ကြားရှင်၏တပ်ဖွဲ့များကို လက်ခံထားပြီး လူ၊ လက်နက် အင်အား တောင့်တင်းအောင် လုပ်ဆောင်ပေးနိုင်သောအနေ အထားဖြစ် သည်။ ဖုန်ကြားရှင်အတွက်တော့ သူ့အား ထွက်ပြေးတိမ်းရှောင် ၀ရမ်းပြေးတောပုန်းဘ၀ကတည်းက ကူညီခဲ့ပြီး ကိုးကန့်ခေါင်းဆောင်အဖြစ် အစိုးရကိုတော်လှန်ရန် ပြန်လာချိန်တွင်လည်း အားကိုးထိုက် ရမည့်သူမှာ သားမက်စိုင်းလင်း ဖြစ်နေပါသည်။ ဖုန်ကြားရှင်၏ တစ်ကျော့ပြန် ခရီးတွင် တရုတ်နှင့် NDAA (မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ စိုင်းလင်းတို့က အဓိက ပံ့ပိုးပေးသူများဟု ဆိုလျှင်လည်း မမှားပေ။ 

ဖုန်ကြားရှင်၏ ပိုင်ဆိုင်သမျှ စီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံတွင်သာရှိပေသည်။ ထို့ပြင် ဖုန်ကြား ရှင် အနေဖြင့် ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကနေ ငွေပမာဏမြောက်မြားစွာ ရရှိခဲ့ပါသည်။ ထိုငွေများကိုလည်း တရုတ်ဘဏ်များတွင်ဘဏ်အကောင့်ပေါင်းများစွာဖြင့် အပ်နှံထားလျက် ရှိသည်။ ထို့အတူ တရုတ်နိုင်ငံတွင်လည်း ဖုန်ကြားရှင် ပိုင်ဆိုင်သော ဘဏ်များရှိသည်ဟုလည်း သိရသည်။ မြန်မာတိုင်းရင်းသားတစ်ဦးအနေဖြင့် တိုင်းတပါးတွင် ဘဏ်တစ်ခု ဖွင့်လှစ်ရန်မှာ တော်ယုံချမ်းသာကြွယ်ဝမှု မျိုးနှင့် မဖြစ်နိုင်သလို ပိုက်ဆံရှိတိုင်းလည်း လွယ်ကူစွာဖွင့်လှစ် နိုင်မည်မဟုတ်ပေ။  

ဖုန်ကြားရှင်အနေဖြင့် တရုတ်နိုင်ငံတွင် ဘဏ်ဖွင့်လှစ်ထားခဲ့သည်ကို ကြည့်ရှုခြင်းဖြင့် တရုတ်အစိုးရ၏ ဖုန်ကြားရှင်အပေါ် ထားရှိသော နောက်ကွယ်မှသဘောထားကို အထင်းသားတွေ့မြင်နိုင်ပေသည်။ 

ထို့အပြင် ဖုန်ကြားရှင်အနေဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်လည်း ဟိုတယ်တစ်လုံးပိုင်ဆိုင်သည်ကို သိရှိရသည်။ တရုတ် နိုင်ငံတွင်ရှိသော ဖုန်ကြားရှင်၏ ပိုင်ဆိုင်မှုများ ချမ်းသာကြွယ်ဝမှုများသည် မူးယစ်ဆေးဝါးမှရရှိသော ၀င်ငွေများသာ ဖြစ် ပေသည်။

၂၀၀၉ ခုနှစ်တွင် တပ်မတော်နှင့်ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ဖုန်ကြားရှင်အနေဖြင့် ကိုးကန့်ဒေသမှ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် တရုတ် အစိုးရအနေဖြင့် ၄င်းတို့နိုင်ငံတွင်တည်ရှိသည့် ဖုန်ကြားရှင် ပိုင်ဆိုင် သော ဘဏ်များ၊ ဟိုတယ် များနှင့် အခြားစီးပွားရေး လုပ်ငန်းများကိုယာယီပိတ်ပင်ခဲ့ပြီး ဘဏ် အကောင့်များတွင်ရှိသော ငွေကြေးများကိုပါ ထုတ်ယူခြင်း မပြုနိုင်အောင် ပိတ်ဆို့တားဆီးခဲ့ပေသည်။

ယခုအခါတွင် တရုတ်အနေဖြင့် ဖုန်ကြားရှင်၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်ပေးခဲ့ယုံသာမက ပိုင်ဆိုင်သောငွေကြေး များကိုပါ ထုတ်ယူခွင့်ပြုခဲ့သည်ကိုလည်း သိရှိရသည်။ ထွက်ပြေးခိုလှုံနေသူ၏ ပိုင်ဆိုင်သမျှ ငွေများစွာ ထုတ်ယူခွင့်ပြုခဲ့ ပြီးနောက် တရုတ်အစိုးရ အာဘော်များကို ဖော်ပြလေ့ရှိသည့် သတင်းစာတွင် မြန်မာအစိုးရအား ပြန်တိုက်မည်ဟူသော ဖုန်ကြားရှင်ပြောကြားခဲ့သည့် စကားတို့မှာ ဆက်စပ်မှုပေါင်းများစွာရှိနေနိုင်သည်။ ထွက်ပြေး တိမ်းရှောင်နေသူ ဖုန်ကြားရှင် အနေဖြင့် ပိုင်ဆိုင်သမျှ ငွေကြေးပေါင်းများစွာကို ထုတ်ယူခဲ့သည်မှာလည်း ရည်ရွယ်ချက် တစ်ခုသာ ရှိနိုင်ပေသည်။ ထို ရည်ရွယ် ချက်မှာ မူးယစ်ဆေးဝါးလုပ်ငန်းဖြင့်ကြွယ်ဝခဲ့သော ထိုငွေကြေးများဖြင့် လက်နက်ခဲယမ်းများ ၀ယ်ယူ စုဆောင်းလို ခြင်းသာ ဖြစ်ပေလိမ့်မည်။ထိုလက်နက်များဖြင့် ပြည်တော်တစ်ကျော့ပြန်ကာ အစိုးရကို တော်လှန်ရန် ကြံစည်လာခြင်း ဖြစ်နိုင် သည်။ မြန်မာနိုင်ငံ၏ လက်ရှိဒီမိုကရေစီစနစ်ကျင့်သုံးမှုကို အကြောင်းပြ၍ CIA ၏ ၀င်ရောက်စွက်ဖက်မှုကို ကွန်မြူနစ် နိုင်ငံဖြစ်သောတရုတ်က မျက်စေ့ဆံပင်မွှေး ဆူးစရာဖြစ်လာပြီး ဖုန်ကြားရှင်ကို မြှောက်ပင့်ပေးခြင်းသာ ဖြစ်ပါသည်။

ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းလာသော ကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် များအား မြန်မာနိုင်ငံ အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကမ်းလှမ်းကာ ငြိမ်းချမ်းရေးဖော်ဆောင် လျက်ရှိ သည်ကို တွေ့မြင်ရသည်။ အချို့တိုင်းရင်းသားလက်နက်ကိုင် အများစုမှာ အပစ်ရပ်နိုင်သော်လည်း လက်နက်ကိုင် အနည်းစု မှာ အပစ်မရပ်နိုင်သေးဘဲ အဖြေရှာနေရဆဲဖြစ်ပါသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ရေး အပြန်အလှန်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်နေချိန်တွင် ဖုန်ကြားရှင်က တစ်ကျော့ပြန် တိုက်ခိုက်မည်ဟု တပ်လှန့်လာပြန်ပါသည်။ နေရာဒေသကွဲပြားနေသော လက်နက်ကိုင်အဖွဲ့များ၏ ခံယူချက်အမျိုးမျိုး ကြောင့် ၂၀၁၅ ခုနှစ်သို့ ရောက်သည့်တိုင် အဖြေရှာနေရဆဲ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်နေပါသည်။

မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ကျော်ဇောတဲ့ ဖုန်ကြားရှင်လို ဘိန်းဘုရင်ကို တရုတ်နိုင်ငံအနေဖြင့် အားပေး ကူညီနေခြင်း သည် အကြောင်းမဲ့မဟုတ်ပါ။ သူတို့နိုင်ငံအတွက် လိုအပ်ပါက အသုံးချရန်ဖြစ်ပါသည်။ ယခင်က မြန်မာနိုင်ငံနှင့် မိတ်ဘက် နိုင်ငံ အဖြစ် အစစ အရာရာ လိုက်လျောခဲ့သော တရုတ်နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကျင့်သုံးလာမှုနှင့်အတူ အခြားနိုင်ငံကြီး များနှင့် ဆက်ဆံဝင်ဆန့်လာသော မြန်မာနိုင်ငံအား ပြည်တွင်းစစ်ပဋိပက္ခများဖြင့် နိုင်ငံတကာအလယ်တွင် လက်ညှိုးထိုးခံရအောင် ဖုန်ကြားရှင်ကဲ့သို့ ဘိန်း ဘုရင်ကို ထပ်ပြီးထည့်သွင်းခြင်းလည်းဖြစ်နိုင်ပါသည်။ အရှင်းဆုံးပြောရရင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို ပိုမိုဆိုးဝါးအောင် ကြံစည်ခြင်း ဖြစ်ပါသည်။ 

တရုတ်အစိုးရအနေဖြင့် ဖုန်ကြားရှင်းအား ယခုလို ထုတ်ဖော်ပြောဆိုခွင့်ရအောင် တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် ဖြစ်သော ပြည်သူ့နေ့စဉ်သတင်းစာနှင့် အင်တာဗျူး ပြုလုပ်ပေးခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တရုတ်အနေဖြင့် ကွန်မြူနစ် အယူဝါဒများဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းလာသော မြန်မာနိုင်ငံအား ချုပ်ကိုင်လို၍ ဖုန်ကြားရှင်အား ငါးစာ အဖြစ် အသုံးချလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ နှစ်ပေါင်း ၅ နှစ်အကြာတွင် ဖုန်ကြားရှင်အား တရုတ်ကွန်မြူနစ်ပါတီ အာဘော်များကို ဖော်ပြလေ့ရှိသော သတင်းစာ၌ အင်တာဗျူးထည့်ခြင်းသည် မရိုးမသားလုပ်ရပ်ဟု မြင်မိပါသည်။

ဖုန်ကြားရှင်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်သော ဇရာအိုဘိန်းဘုရင်ကြီး ဖြစ်နေသော်လည်း “ ကိုးကန့် ဒေသကို ပြန်ရတဲ့ အထိ မြန်မာအစိုးရကို တိုက်ခိုက်သွားမှာပါ ” ဟူသော ပြောစကားက ယနေ့အချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် အမြင်မကြည်လင်မှုများဖြင့် နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်း နေကြောင်း မြင်သာပါသည်။ 

လူတစ်ဦးတစ်ယောက်၏ သက်တမ်း၌ အသက် ၈၀ ကျော်ပြီဆိုပါက သေမည့်ဘက်သို့ အားသာသွားပြီဟု ယူဆကြသဖြင့် ဘ၀ကူးကောင်းအောင် မေတ္တာစိတ်ထား ကုသိုလ်ဘာဝနာပွားများ ကြသည်ဟု မှတ်သား ရပါသည်။ 

သို့သော် ဖုန်ကြားရှင်ကတော့ သေဖို့မေ့နေသလား မပြောတတ်ပါ။ သို့မဟုတ် သေခါနီး ငယ်မူပြန်ကာ ယောင်ရမ်းပြီး မြန်မာ အစိုးရကို တိုက်ခိုက်သွားမည်ဟု ကြွေးကြော်နေခြင်းလည်းဖြစ်နိုင်ပါသည်။ မည် သို့သော အကြောင်းတရားပင် ဖြစ်စေ တစ်ကျော့ပြန် ဖုန်ကြားရှင်၏ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတဲ့ ပဟေဠိဆန်ဆန် ပုစ္ဆာ၏အဖြေကတော့ ရှင်းလင်း ပြတ်သား၍နေချေပြီ။ ထို့ကြောင့် ဘိန်းဘုရင် သက်ကြားအို ဖုန်ကြားရှင်၏ တစ်ကြော့ပြန်ခရီးနောက်ကွယ်တွင် ရှိနေသူ ကိုလည်း ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားမြင်တွေ့နေရပြီသာဖြစ်ပါကြောင်း ရေးသားအပ်ပေသည်။ 

Credit:စိုင်းဝေယံ (Facebook account)
နေ့စဉ်သတင်း 

No comments:

Post a Comment