Thursday 8 January 2015

မန္တလေးမြို့တွင် ဆေးယဉ်ပါး အူရောင်ငန်းဖျားရောဂါများ တွေ့ရှိ

အစားမှားယွင်းမှုမှ တစ်ဆင့် အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားနေသော မန္တလေးမြို့တော်ရှိ ကလေးငယ် ၃၀၀ ကျော်ကို စမ်းသပ်စစ်ဆေးရာ ဆေးယဉ်ပါး အူရောင်ငန်းဖျား ဖြစ်ပွားနှုန်း ၁၃ ရာခိုင်နှုန်းကျော် တွေ့ရှိ ရကြောင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်သော ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) စာတမ်း ဖတ်ပွဲတွင် ဖတ်ကြားသွားသည်။

အူရောင်ငန်းဖျား ဖြစ်ပွားနေသော အသက် ၂ နှစ်မှ ၁၂ နှစ်အောက် ကလေးသူငယ် ၃၀၀ ကျော်နှင့် အသက် ၁၂ နှစ်အထက် လူနာ ၂၀ ကို စစ်ဆေးကြည့်ရာ ၅၆ ဦးတွင် ဆေးယဉ်ပါး လက္ခဏာများ တွေ့ရှိ ခဲ့ကြောင်း၊ ယင်းစာတမ်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ မန္တလေးမြို့တွင် ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။

“ပဋိဇီဝဆေးတွေက ပိုးကိုသတ်တာ။ ပိုးပွားတာကို ရပ်အောင်လုပ်တာ။ သောက်ရမည့် ဆေးကို တိတိ ကျကျ မသောက်ရင် ဆေးယဉ်ပါးစေနိုင်တယ်။ ကုန်ကျစရိတ် သက်သာတဲ့အတွက် စပ်ဆေးတွေ သောက် တယ်။ စပ်ဆေးမှာ ပဋိဇီဝဆေးပါရင် သောက်ရမယ့် ဆေးပမာဏ အပြည့်သောက်ရတာကို အပြည့် မသောက် လို့ ဆေးယဉ်တာ” ဟု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ပဋိဇီဝ ဆေးဝါးများ၏ အကျိုးသက်ရောက်မှုများနှင့် အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားနှုန်းကို သိရှိရန် ယင်း သုတေသန စာတမ်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း စာတမ်းရှင်က ပြောကြားထားသည်။

ယင်းစာတမ်းအရ မန္တလေးမြို့တော်တွင် အသက် ၃ နှစ်မှ ၉ နှစ်ကြား ကလေးငယ်များတွင် အူရောင် ငန်းဖျား ဖြစ်ပွားနှုန်း မြင့်မားနေကြောင်း၊ ပဋိဇီဝဆေးများကြောင့် ၃၁ ရာခိုင်နှုန်းကျော်သည် ဆေးယဉ်ပါး ဝေဒနာကို ခံစားနေရကြောင်း တွေ့ရှိရသည်။

The Voice Weekly 

No comments:

Post a Comment