Monday 4 August 2014

ပရဟိတကျောင်း နေကလေး ငယ်များကို ခေါ်၍ စားပွဲထိုး ခိုင်းသူအား အမှုဖွင့်

ကလေးမြို့၊ ညောင်ပင်သာနယ်မြေ အမှတ် (၆)ရပ်ကွက်၊ ကလေးမြို့ မဈေးကြီး အတွင်းရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်သည် ပရဟိတကျောင်းမှ အရွယ်မရောက်သေး သည့်ကလေးသူငယ်များ ကိုခေါ်ကာ စားပွဲထိုး လုပ်စေသည့်အတွက် ရဲဌာနက စစ်ဆေးလျက် ရှိသည်။
စားပွဲထိုးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အရွယ်မရောက် သေးသော လူငယ်များမှာ ကလေးမြို့နယ်၊ သာစည် ကျေးရွာရှိ အေချမ်းဖြိုး လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ကလေးများ ဖြစ်သည်ဟု အဆိုပါကျောင်းရှိ ဂေဟာမှူး ဦးကြာတင့်က ဆိုသည်။“ပရဟိတကျောင်းက မွေးစားထားတဲ့ ကလေးတွေ ပျောက်သွားလို့ လိုက်လံရှာ ဖွေတဲ့အခါ အဲ့ဒီ လက်ဖက် ရည်ဆိုင်မှာ စားပွဲထိုး အလုပ်ကို ၀င်ရောက် လုပ်ကိုင်နေကြတာ ပြန်တွေ့ခဲ့ရပါတယ်” ဟု ဂေဟာမှူး ဦးကြာ တင့်က ဆက်လက်၍ ပြောပြသည်။
ထိုကျောင်းရှိ မောင်ဝေဖြိုးအောင် အသက်(၁၄)နှစ်၊ မောင်မျိုးထွန်း အသက် (၁၂)နှစ်နှင့် မောင်ဝေယံဦး အသက်(၁၃)နှစ်ဆိုသူတို့သည် လွန်ခဲ့သည့် တစ်ရက်၊ နှစ်ရက်ခန့်က အဆိုပါကျောင်းမှ ပျောက်သွားခဲ့သည် ဟု ဆိုသည်။
ထို့ကြောင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ကလေးမြို့တွင်း လိုက်လံရှာ ဖွေခဲ့ကြရာ သြဂုတ် ၂ ရက် နံနက်ပိုင်းတွင် ပျောက်ဆုံး ကလေး သုံးယောက်သည် ကလေးမြို့မဈေးကြီး အတွင်းရှိ လက်ဖက်ရည် ဆိုင် တစ်ဆိုင်၌ စားပွဲထိုး ၀င်ရောက်လုပ်ကိုင် နေသည်ကို ကျောင်းအကျိုး တော်ဆောင် အဖွဲ့က ပြန်လည်တွေ့ ရှိခဲ့ ခြင်း ဖြစ်သည်။

ဂေဟာမှူး ဦးကြာတင့်သည် ကလေးမြို့မ ရဲစခန်းသို့ သွားရောက်၍ အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူတောင်း ခံခြင်းမရှိဘဲ အရွယ်မရောက် သေးသည့် ကလေးသူငယ်များကို ခေါ်ဆောင်ထားရှိပြီး စားပွဲထိုးအဖြစ် စေ ခိုင်းသူအား တရားဥပဒေအရ အရေးယူ ပေးပါရန် တရားလိုပြု တိုင်တန်းခဲ့သည်။

အဆိုပါ တိုင်တန်းချက်အား ကလေးမြို့မ ရဲစခန်းက(ပ) ၄၁၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ အမှုဖွင့်အရေး ယူခဲ့ပြီး အမှုကို ရဲအုပ်ဝင်း ထွဋ်ရှိန်က စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
mizzima

No comments:

Post a Comment