Monday 4 August 2014

လူသစ်(၃)ဦး၊ ဒဏ်ငွေ ယွမ်( ၁၀၀၀၀) နှုန်းဖြင့် NDAA(မိုင်းလား)အဖွဲ့ စုဆောင်း

မိုင်းလားဒေသနှင့် နမ့်ပန်းဒေသရှိ ကျေးရွာများ၌ သြဂုတ် ၁ ရက်နေ့မှစပြီး အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ NDAA(မိုင်းလား)အဖွဲ့မှ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိ သည်။
အဆိုပါဒေသများရှိ ကျေးရွာများအား ၂ နှစ်လျှင် တစ်ကြိမ် NDAA (မိုင်းလား)အဖွဲ့မှ လူသစ်စုဆော င်းခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ တစ်ရွာကို လူသစ် ၃ ယောက် တောင်းတယ်၊ လူသစ်မပေးနိုင်ရင် တစ်ယောက် ယွမ်ငွေ ၁၀၀၀၀ ပေးရမယ်၊ ဒေသခံတွေလည်း စိတ်ညစ်နေကြတယ်၊ လူသစ်လုပ်မယ့်လူလည်း မရှိ ဘူး၊ ငွေပေးဖို့ ကျတော့လည်း အရမ်းများ လွန်းတော့ အချို့ မိသားစုတွေက မတတ်နိုင်ဘူး ” ဟု မိုင်းလားဒေသခံ ကိုစိုင်းပီးက ဆိုသည်။

NDAA (မိုင်းလား)အဖွဲ့သည် ဒေသခံပြည်သူများကိုသာ လူသစ်စုဆောင်းပြီး ဒဏ်ငွေများ တောင်းခံ လျက်ရှိ သော်လည်း နမ့်ပန်းဒေသ၌ နေထိုင်သော တရုတ်လူမျိုးများကို အခွင့်အရေးပေးထားသည့်အတွက် မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

“ ငါတို့ ဒေသခံတွေကိုကျတော့ ၂ နှစ် တစ်ကြိမ် လူသစ်စုတယ်၊ လူသစ်မပေးရင် ဒဏ်ငွေ တောင်းတယ်၊ ဟိုဘက်က လာနေတဲ့ တရုတ်တွေကိုတော့ ဘာမှမလုပ်ဘူး၊ လူသစ်လည်း မစုဘူး၊ ဒဏ်ငွေလည်း မတောင်းဘူး၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်တွေကို ငါတို့ ဒေသခံတွေ မကျေမနပ်ဖြစ်နေကြတယ်၊ မိုင်းလား အဖွဲ့ကလည်း တရားမျှတမှု မရှိဘူး ” ဟု နမ့်ပန်းဒေသခံတစ်ဦးက ပြောသည်။

တရုတ်လူမျိုးများအား မိုင်းလားနှင့် နမ့်ပန်းဒေသခံပြည်သူများက ပြဿနာရှာနေ၍ NDAA (မိုင်းလား)အဖွဲ့ ရုံးချုပ် ၌ ခေါင်းဆောင်ပိုင်းများတွေ့ဆုံကာ တရုတ်နှင့်ဒေသခံများကြား ပြေလည်ရေး မည်သို့ဖြေရှင်းရ မည်ကို ဆွေးနွေး ခဲ့ကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်သူဒေသခံတစ်ဦးထံမှ သိရသည်။

NDAA(မိုင်းလား) အဖွဲ့၏ လူသစ်စု၊ ဒဏ်ငွေ တောင်းခံခြင်းတို့ကို မိုင်းလားဒေသ ရှိ ကျေးရွာများ မှ ဒေသ ခံပြည်သူများ အနေဖြင့် ပြန်လည်မပြောဝံ့၍ ငြိမ်ခံနေရသော်လည်း တရုတ်လူမျိုးများကို ဦးစားပေး ပြီး ဒေသခံကို ဖိနှိပ်ထားသော ယင်းအဖွဲ့အပေါ် ကျေနပ်မှုမရှိကြောင်း သိရှိရသည်။

ဇော်ရှိန်း
Shan News

No comments:

Post a Comment