Tuesday 5 August 2014

လိုင်ဇာအလွန်အပစ်ရပ်ရေးနှင့် လူထုခေါင်းဆောင်

လိုင်ဇာထိပ်သီးအစည်း အဝေးအလွန် ထုတ်ပြန်ကြေညာချက်နှင့် သဘောတူညီချက်မူကြမ်းတို့သည် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ဆီဦးတည်နေသော်လည်း စိန်ခေါ်မှုများကကျန်ရှိနေဆဲဖြစ်သည်။ အစိုးရ၊လွှတ်တော်များ၊ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်ရပ်ရေးကို အကြိတ်အနယ်ပြင်ဆင်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏နေရာ သည် မှေးမှိန်နေဆဲဖြစ်သည်။ လိုင်ဇာအလွန်အပစ်ရပ်ရေးတွင် လူထုခေါင်းဆောင်၏အခန်းကဏ္ဍကို ရှေ့တန်းတင်နိုင်မည်ဆိုလျှင် သဘော တူညီချက်များ အပြီးသတ်ရေးလုပ်ငန်းစဉ်သည် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ (အင်န်စီစီတီ)၏ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်နေ့ အထိလည်းကောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါထိပ်သီး အစည်းအဝေးများသို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့မှခေါင်းဆောင် များ၊ ကိုယ်စား လှယ်များနှင့် လေ့လာသူများ စုစု ပေါင်း ၁၅၅ ဦးပါဝင်တက်ရောက် ခဲ့သည်။
ထိပ်သီးအစည်းအဝေးနှစ်ရပ်စလုံးတွင် တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ အားလုံး၏ အမျိုး သားနိုင်ငံရေးရည်မှန်းချက်ဖြစ် သော ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးမူကို တစိုက်မတ်မတ် ကိုင်စွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသည် လမ်း ခုလတ်၌ရှိနေဆဲကာလတွင် တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်မှာလည်း ထူးခြားချက်တစ်ခုဖြစ်သည်။
လိုင်ဇာထိပ်သီးအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(ယူပီဒဗလျူစီ)နှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (အင်န်စီစီတီ)တို့၏ မူကြမ်းရေးဆွဲ သူများပူးပေါင်းရေးသားပြုစုထား သည့် တစ်နိုင်ငံလုံး ဆိုင်ရာအပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်(ဒုတိယမူကြမ်း)ကို ဆွေးနွေး ခြင်း၊ သဘောထားရယူစုဆောင်း ခြင်းနှင့် လမ်းညွှန်မှု ဆယ်ချက်ချမှတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။

သြဂုတ်လ ဒုတိယရက်သတ္တ ပတ်၌ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ(ယူပီဒဗလျူစီ)၊တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (အင်န်စီစီတီ)တို့၏အစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ရာခိုင်နှုန်းမြင့်မြင့်မားမား အတည်ပြုနိုင်ခြေရှိသည်ဟု သုံးသပ်လျက်ရှိသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြား လွန်းထိုးညှိ နှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးမှ သာ အပြီးသတ်သဘောတူညီ ချက်ကိုအတည်ပြုနိုင်ခြေရှိသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး ပြင်ဆင် ဆဲကာလတွင် ငြိမ်းချမ်းရေးနို ဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်း ကဏ္ဍသည်လည်း တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားအ တွက် ပဓာနကျ သည်ဟုသုံးသပ် နိုင်သည်။ ဒေါ်အောင်ဆန်းစု ကြည်သည် တိုင်းရင်းသားပြည်သူ လူထုအများစုက ယုံကြည်ထောက်ခံသည့်ခေါင်းဆောင် တစ်ဦးဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်၏ သော့ချက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များ အချောသပ်မည့် ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းခေါင်းဆောင် များအနေဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်မျက်နှာစုံညီတွေ့ဆုံဆွေးနွေးသင့်ကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂုဏ်သရေရှိ အသိသက်သေ တစ်ဦးအဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်မည်ဆို လျှင် သာလွန်ကောင်းမွန်သည်ဟု ထင်မြင်မိသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ယုံကြည်မှုတည် ဆောက်ရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှု သည်လည်း ပဓာနကျသောညွှန်းကိန်းတစ်ခုဖြစ်သည်။ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးအလွန် နိုင်ငံရေးစားပွဲ ဝိုင်းဆွေးနွေးပွဲကာ လ ပဋိပက္ခဒေသများ၌ ပြန်လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်များကို စနစ်တကျ ထိထိရောက်ရောက်ဖော်ဆောင် နိုင်ရေးတွင် အမေရိကန်၊ ဥရောပ သမဂ္ဂအပါအဝင် နိုင်ငံတကာ၏ ဗျူဟာမြောက်ပါဝင်မှုသည် သော့ချက် ပင်ဖြစ်သည်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂနှင် အရှေ့တောင် အာရှနိုင်ငံများ၊ အဖွဲ့ဝင်နိုင် ငံများ အပါအဝင် နိုင်ငံတကာမိသားစု၏ လွတ်လပ်၊ တက်ကြွ၊ ကြားနေသော၊ တာဝန်သိသော၊ ပွင့် လင်းမြင်သာသော ပါဝင်မှုကို လမ်းဖွင့်ပေးနိုင်ရန် လိုအပ်သည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များအကြား တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ တွင်ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံနှင့်သုံးနိုင်ငံထိပ်သီး အစည်းအဝေး၊ နဝမအကြိမ်အ ရှေ့အာရှထိပ်သီးအစည်းအဝေး၊ အာဆီယံ-ကုလသမဂ္ဂထိပ်သီး အစည်းအဝေး၊ အာဆီယံ-အမေ ရိကန်ထိပ်သီးအစည်းအဝေး၊ အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၊ အာဆီယံ-အိန္ဒိယထိပ် သီးအစည်းအဝေး၊ အာဆီယံ- ဂျပန်ထိပ်သီးအစည်းအဝေး၊ အာဆီယံ-ကိုရီးယားထိပ်သီး အစည်းအဝေးနှင့် အာဆီယံ-သြစတြေးလျထိပ်သီးအစည်းအဝေးများကာလ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း၊ အမေရိကန်သမ္မတဘားရက်အိုဘားမား၊ တရုတ်သမ္မတ စီကျင်းပင်၊ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၊ ဂျပန် ဝန်ကြီးချပ်ရှင်ဇိုအာဘေး၊ တောင် ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးသြစတြေးလျဝန်ကြီးချုပ်တိုနီ အက်ဘော့ဂ်တို့ စုံစုံညီညီထိပ်သီးအစည်းအဝေးညီလာခံ သဘင်ပွဲများမဝင်မီ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၏ပြယုဂ်တစ်ခုအဖြစ် ဆုပ်ဆုပ်ကိုင်ပြနိုင်ရန် ယခုမှစ၍ သုံးလအတွင်း လုံးပန်းကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် လိုင်ဇာထိပ်သီးအစည်းအဝေး အလွန် လွန်းထိုးညှိနှိုင်းမှုများအပြီး တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲ ရေးသဘောတူညီချက်ကိုပုံဖော် ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်း ကဏ္ဍသည် သော့ချက်ကျအရေး ပါသည်။ အပစ်အခတ်ရပ်စဲရေး အလွန် နိုင်ငံရေးစားပွဲဝိုင်းဆွေး နွေးပွဲများနှင့်အတူ ရှည်လျားထွေ ပြားဖွယ်ရှိသည့် မြန်မာနိုင်ငံရေး ရှေ့ခရီးတွင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းခေါင်း ဆောင်များအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်ကို မဖြစ်မနေဝန်းရံ ကြရမည်ဖြစ်သည်။ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကျောရိုးပြုလျက် နိုင်ငံရေးပါ တီများ၊ နိုင်ငံတကာအသိုင်းအ ဝိုင်း၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့်အတူ ပြိုင်တူတွန်းနိုင် မှသာ မြန်မာ့ငြိမ်းချမ်းရေးခရီး သည် ရွေ့သည်ထက်ရွေ့လာ မည်ဖြစ်သည်။ သို့မဟုတ်ပါက နွံထဲ၌လှည်းဘီးကျွံနေသည့် အလားငြိမ်းချမ်းရေးရထားကြီးသည် အလံမချိုးသေးသောသံလမ်းထက်ငြိမ်ချက်သားကောင်းနေဦးမည်မှာ ဧကန်မုချဖြစ်သည်။
7Day News Journal

No comments:

Post a Comment