Friday 8 August 2014

ဇန်န၀ါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် လက်ခံရရှိသည့် အမှုများအနက် အမှုပေါင်း ၆၉၃၀၀ ကျော် စစ်ဆေးရန် ကျန်ရှိနေ

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃ဝ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် ၊ ခရိုင်၊ မြို့နယ်တရားရုံများတွင် လက်ခံရရှိသည့်အမှုများအနက်  ၆၉၃ဝ၄ မှု စစ်ဆေးဆဲအဖြစ် ကျန်ရှိနေကြော င်း ပြည်ထော င်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က ပြောကြားကြောင်း ဩဂုတ် ၇ ရက်ညပိုင်း မြန်မာ့ ရုပ်မြင်သံကြားသတင်းထုတ်လွှင့်မှုအရ သိရသည်။
ဩဂုတ် ၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်များ၏ သတ္တမ အကြိမ် လုပ်ငန်းညှနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တက်ရောက်အမှာစကားပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားစီရင်ရေးသည် အမှားအမှန်ကို ခွဲခြားဝေဖန်ပြီး မှန်ကန်မျှတမှုကို ဖြစ်စေကာ အမှန်ကိုဖော်ထုတ်၍ တရားစီရင်ရာတွင် မျှတရန်လိုအပ်သကဲ့သို့ ဥပဒေနှင့် ညီညွတ်ရန်လိုအပ်ကြောင်း၊ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများသည် အဂတိတရားကင်းစင်စွာဖြင့် အမှုအခင်းများတွင် အမှန်တရားဘက်မှ ရည်တည်ပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြဌာန်းဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ကြရန်လိုကြောင်း၊ တရားစီရင်ရေးအာဏာသည် အများအကျိုးနှင့် အမှန်ကို ဖြစ်စေရန် ပြည်သူက ယုံကြည်အပ်နှံထားသည့် အာဏာဖြစ်သည်ကို မပြတ်သတိပြုရမည်ဖြစ်ပြီး တရားရုံးများသည် အမှားအမှန်ကို ခွဲခြားဝေဖန်ပြီး မျှတမှုနှင့်သင့်မြတ်မှုကိုပေးနိုင်မှ တရားရုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ်က ပြောကြားသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဇွန် ၃ဝ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော် များတွင် ပြစ်မှုဆိုင်ရာ အမှုပေါင်း ၅၇၉ဝ မှုလက်ခံရရှိခဲ့ပြီး ၃ဝ၄၆ မှုစစ်ဆေးပြီး ပြတ်၍ စစ်ဆေးဆဲ ၂၇၄၄ မှုကျန်ရှိကြောင်း၊ တရားမမှုပေါင်း ၃၇၆၇ မှု လက်ခံရရှိခဲ့ပြီး ၁၆၈၄ မှုစစ်ဆေးပြီးဖြစ်၍  စစ်ဆေးဆဲ ၂ဝ၈၃ မှုကျန်ရှိကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ခရိုင်တရားရုံးများတွင် ပြစ်မှုဆိုင်ရာအမှုပေါင်း ၁ဝ၄ဝ၇ မှု လက်ခံရရှိခဲ့ပြီး ၆၅၁၄ မှု စစ်ဆေးပြီးပြတ်၍ စစ်ဆေးဆဲ ၃၈၉၃ မှု ကျန်ရှိကြောင်း၊ တရားမမှုပေါင်း ၁၄၂၈၅ မှုလက်ခံရရှိခဲ့ပြီး ၅၂၅၁ မှုစစ်ဆေးပြီးဖြစ်၍  စစ်ဆေးဆဲ ၉ဝ၃၄ မှုကျန်ရှိကြောင်းနှင့် မြို့နယ်တရားရုံးများတွင် ပြစ်မှုဆိုင်ရာအမှုပေါင်း ၂၇၇၆၇၈ မှုလက်ခံ ရရှိခဲ့ပြီး ၂၄၃၇ဝ၉  မှုစစ်ဆေးပြီးပြတ်၍ စစ်ဆေးဆဲ ၃၃၉၆၉ မှုကျန်ရှိကြောင်း၊ တရားမမှုပေါင်း ၂၈၃၃၈ မှု လက်ခံရရှိခဲ့ပြီး ၁ဝ၇၅၇ မှု စစ်ဆေးပြီးဖြစ်၍ စစ်ဆေးဆဲ ၁၇၅၈၁ မှု ကျန် ရှိကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြစ်မှုဆိုင်ရာအမှုပေါင်း ၈၈၆ မှု လက်ခံရရှိခဲ့ပြီး ၅၉၄ မှု စစ်ဆေးပြီးခဲ့၍ စစ်ဆေးဆဲ ၂၉၂ မှု ကျန်ရှိကြောင်း၊ တရားမအမှုပေါင်း ၁၆၃၄ မှုလက်ခံရရှိပြီး ၉၄၉ မှု စစ်ဆေးပြီးခဲ့၍ စစ်ဆေးဆဲ ၇၄၅ မှု ကျန်ရှိနေကြောင်းနှင့် ကလေးသူငယ်တရားရုံးများတွင် ကလေး သူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၂၂ဝ မှု လက်ခံရရှိခဲ့ပြီး ၂ဝ၂ မှု စစ်ဆေးပြီးပြတ်၍ စစ်ဆေး ဆဲ ၁၈ မှုကျန်ရှိကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment