Friday 8 August 2014

အသက် ၇၆ နှစ် အမျိုးသမီးကြီး နားနှစ်ဖက်ကို လှီးဖြတ်အသတ်ခံရမှု သံသယရှိသူကို ဖမ်းမိ

ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်တွင် လွန်ခဲ့သော သုံးရက်က အသက် ၇၆ နှစ်အရွယ်ရှိ အမျိုးသမီးကြီး နားရွက်နှစ်ဖက် ပြတ်ပြီး လည်ပင်း ထိုးသွင်းဒဏ်ရာများဖြင့် နေအိမ်အတွင်း အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်း သူဟု သံသယရှိသူ အမျိုးသားကို သြဂုတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်က ဖမ်းဆီးရမိ ခဲ့ကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးက ပြောကြားသည်။
အမှတ် (၁၀) ရပ်ကွက်၊ သာစည်လမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က ယင်းအမျိုးသမီးကြီး၏ လည်ပင်းကို ချွန်ထက်သောအရာဖြင့် ထိုးသွင်းသော ဒဏ်ရာများဖြင့် ကျောက်ဖြူနား ကပ် ပန်ဆင်ထားသည့် နားနှစ်ဖက်ကို လှီးဖြတ်ယူဆောင်ကာ အသတ်ခံရမှုကြောင့် သံသယရှိသော အမှတ် (၁၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လူသတ်ပြီး ဘေးအိမ်ကလူတွေ သိမှာစိုးလို့ နားကပ် ဝတ်ထားတဲ့ နားနှစ်ဖက်ကို ဖြတ်ပြီး ယူသွားတာ။ အဲ့ဒီအချိန်က မိုးတွေ အရမ်းရွာနေတော့ လမ်းထဲက လူတွေလည်း မိုးသံနဲ့ ဘာမှ မကြားမိလိုက်ဘူး။ အသတ်ခံရတဲ့ အဘွားအိုရဲ့ မြေး နေအိမ်ပြန်ရောက်မှ အသတ်ခံရမှန်း ရပ်ကွက်က သိရတာ” ဟု အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောကြားသည်။

အဆိုပါ လူသတ်မှုမှ မသင်္ကာသူ အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နေထိုင် သူ အောင်ရဲလင်း ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ရှိ ယောက္ခမနေအိမ်သို့ ၎င်း၏ ဇနီး ရောက်ရှိနေသဖြင့် လာရောက် ခေါ်ဆောင်စဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

“ရပ်ကွက်ထဲက လူစိမ်းတွေကို သတိထား စောင့်ကြည့်လိုက်တော့ အခု ဖမ်းမိတဲ့ သူကို မသင်္ကာ တာကြောင့် သူ့ယောက္ခမအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စောင့်ကြည့်နေတာ။ ရဲက သူ့တာဝန်အရ စစ်ဆေး လိုက်ချိန်မှာ လူသတ်ခဲ့တဲ ဓားနဲ့ နားကပ်ကို ပြန်ရတယ်” ဟု အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။ 

အဆိုပါ နားနှစ်ဖက်ပြတ်ကာ လည်ပင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့သူမှာ ရပ်ကွက်အတွင်းသို့ ပြော င်းရွှေ့နေ ထိုင်သည်မှာ တစ်နှစ်ခန့် ကြာပြီဖြစ်ပြီး ကျန်မိသားစုဝင်များ အလုပ်သွားနေစဉ် နေအိမ်၌ ၎င်းတစ်ဦးတည်း ကျန်ရှိချိန် အသတ်ခံရခြင်း ဖြစ်ကြောင်း သာစည်လမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ လူသတ်၍ နားကပ် ဝတ်ဆင်ထားသည့် နားနှစ်ဖက် ဖြတ်ယူသွားသူဟု သံသယရှိ သူ အောင်ရဲလင်း ကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment